Home
မြန်မာသတင်း
မန္တလေးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် ရေလှောင်ကန်အတွင်း ပန်းရန်လုပ်သား ၁ ဦး အောက်ဆီဂျင် ပြတ် သေဆုံး
DVB
·
May 17, 2023

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၂၃ လမ်း၊ ၆၃ လမ်းနဲ့ ၆၄ လမ်းကြားရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ မေ ၁၇ ရက် မနက် ၉ နာရီကျော်လောက်က ကွန်ကရစ်လောင်းပြီးကာစ ရေလှောင်ကန်အတွင်း ပန်းရန်လုပ်သား အမျိုးသားတဦး အောက်ဆီဂျင်ပြတ်ကာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်းရန်လုပ်သား အမျိုးသားတဦးဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအတွင်းရှိ ကွန်ကရစ်လောင်းထားပြီးကာစ ရေလှောင်ကန်ကို အဖုံးဖွင့်ပြီး ကွန်ကရစ်လောင်းစဥ်က အသုံးပြုထားတဲ့ သစ်သားဘောင်တွေကို ဆင်းဖြုတ်နေချိန် သတိလစ်သွားလို့ အနီးရှိ သူငယ်ချင်း အလုပ်သမား အမျိုးသားတဦးက ဆင်းကယ်ရာက ၂ ဦးစလုံး အောက်စီဂျင်ပြတ်ကာ ဆင်းကယ်သူ ပန်းရံဆရာ အမျိုးသားတဦး သေဆုံးခဲ့တာလို့ အခင်းဖြစ်ပွားရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မျက်မြင်တွေ့သူ အလုပ်သမားတဦးက ပြောပါတယ်။

“ရေလှောင်ကန်က အရမ်းမနက်ဘူး၊ ၅ ပေလောက်ပဲရှိတာ။ ပုံမှန်ဆို အဖုံးဖွင့်ပြီး လေခဏသွင်းရမှာကို မစောင့်ဘဲ သစ်ပြားတွေဆင်းဖြုတ်တာ၊ မူးလဲသွားတော့ အနားမှာရှိတဲ့ ကိုသက်နိုင်က ဆင်းကယ်တာ ၂ ယောက်စလုံး ကန်ထဲမှာ မူးလဲသွားလို့ ကယ်ဆယ်ရေးကို အကြောင်းကြားလိုက်တာ။”

အသက် ၃၅ နှစ်အရွယ် သေဆုံးသူအမျိုးသား ကိုသက်နိုင်ဟာ အမရပူရမြို့နယ် တလင်းကြီးကျေးရွာကနေ အလုပ်လာလုပ်နေတာလို့ သိရပါတယ်။

“မနက် ၉ နာရီ ၁၀ မိနစ်လောက် အဖွဲ့ကို ဖုန်းဆက်လာလို့ လူနာကို အမြန်ဆုံး သွားရောက်ဆယ်ယူပြီး CPR ပြုစုခြင်း၊ အောက်စီဂျင်ပေးခြင်းတို့ လုပ်ပြီး ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပေမဲ့လည်း လူနာက ဆုံးသွားပါတယ်။ ကန်အတွင်းထဲ ပြင်ပအောက်စီဂျင် မရသေးဘဲ ဆင်းတာကြောင့် မသေသင့်ဘဲ သေတာပါ။ အားလုံးသတိထားကြပါ” လို့ သွားရောက်ကူညီကယ်ဆယ်ပေးခဲ့တဲ့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအော်က ပြောပါတယ်။

“ပန်းရံဆရာများခင်ဗျာ၊ ရေကန် ဆားဗစ်ကန်များကို စလပ်လောင်းပြီးရင် အဖုံးဖွင့်ပြီးပြီးချင်း ချက်ချင်းမဆင်းကြဖို့ သတိပေးအပ်ပါတယ်။ ဒီနေ့ဖြစ်စဥ်မှာ ရေကန်က မနက်ပါဘူး။ ၅ ပေကျော်လေးပဲ ရှိတာပါ။ အဖုံးဖွင့်ပြီး ချက်ချင်းဆင်းလို့ဖြစ်တာပါ” လို့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအော်က သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024