Friday, June 9, 2023
HomeLead Storyမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းနှင့် ဦးရာဇ်တော်စေတီ ဆက်သွယ်ထားသည့် ကြိုးတံတားပျက်စီး (ရုပ်သံ) 

မုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းနှင့် ဦးရာဇ်တော်စေတီ ဆက်သွယ်ထားသည့် ကြိုးတံတားပျက်စီး (ရုပ်သံ) 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားတဲ့ အင်အားအလွန်ပြင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နဲ့ ဦးရာဇ်တော်စေတီကို ဆက်သွယ်ထားတဲ့ ကြိုးတံတား ထိခိုက်ပျက်စီးသွားပါတယ်။

ပုဏ္ဏားကျွန်းမြို့ဒေသခံတယောက် “ဦးရာဇ်တော်စေတီ ကြိုးတံတားကတော့ လုံးဝသုံးလို့မရအောင် ပျက်စီးသွားတယ်ဗျ”လို့ ပြောပါတယ်။

အဲဒီတံတားဟာ အလျား ၃၂၀ ပေ၊ အနံ ၇ခွဲ ရှိပြီး ၁၉၉၄ ခုနှစ်မှာ ကျပ်သိန်း ၃၅၀ ကျော် ကုန်ကျခံ တည်ဆောက်ခဲ့ကာ ၁၉၉၆ ခုနှစ် ဇူလိုင်လမှာ ပြီးစီးခဲ့တဲ့ သစ်သားကြိုးတံတား ဖြစ်ပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ နေအိမ် အဆောက်အဦ ၉၀ ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးခဲ့ပြီး မြို့နယ်ဆေးရုံအပါဝင်၊ ဌာနဆိုင်ရာရုံးတွေ ပျက်စီးကာ လျှပ်စစ်ဓာတ်မီးတိုင်တွေလည်း လဲကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “လက်ရှိအခြေနေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး နေပြည်တော်က လျှပ်စစ်ဝန်ထမ်းတွေ ထွက်လာပြီလို့တော့ သတင်းကြားတယ်။ လက်ရှိအခြေအနေမှာ သောက်သုံးရေနဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်”လို့  ပြောပါတယ်။

မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေ၊ မိုးကာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီ လိုအပ်နေတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular