Home
ဆောင်းပါး
ချင်ဂန်းနှင့် မြန်မာနိုင်ငံ၏ လျစ်လျူရှုမရသော အမျိုးသားရေးဦးတည်ချက်
DVB
·
May 17, 2023

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း (Qin Gang) ရဲ့ ပြီးခဲ့တဲ့ မြန်မာခရီးစဥ်ဟာ စစ်ကောင်စီအပေါ် ထောက်ခံမှုပေးလိုက်တဲ့ ခရီးစဥ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။ ဘာကြောင့် ဒီလို ရှုမြင်ရတာလဲ။ "မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ် လေးစားပါတယ်"ဆိုတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းရဲ့ စကားဟာ စစ်ကောင်စီကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် လက်ခံထားတဲ့ သဘောလို့ ရှုမြင်ကြပါတယ်။ တစ်ခါ "မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီတဲ့ မြန်မာ့နည်း၊ မြန်မာ့ဟန် ဖွံ့ဖြိုးတိုးတက်ရေးမူပုံစံ ရှာဖွေတာကို ထောက်ခံတယ်"ဆိုတာကလည်း စစ်ကောင်စီက ရမ်းကားချင်သလို ရမ်းကားနေတဲ့အပေါ် ထောက်ခံလိုက်တာလို့ပဲ သဘောထားကြပါတယ်။ "ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး" "နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး" " ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး" ဆိုတဲ့ ဆိုတဲ့ ချင်ဂန်းရဲ့ ပြောဆိုချက်တွေကလည်း "တရုတ်နိုင်ငံဟာ စစ်ကောင်စီအပေါ်  ထောက်ခံမှု ပေးနေတယ်"ဆိုတဲ့ အမြင်သဘောထားကို ပိုခိုင်မာအားကောင်းစေပါတယ်။ “အကြမ်းဖက်မှုတွေ ရပ်တန့်ရေး" ဆိုတာမျိုးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းက လုံးဝ ပြောမသွားပါဘူး။ ဒီတော့ တရုတ်နိုင်ငံက စစ်ကောင်စီအပေါ်  ထောက်ခံမှုပေးနေပြီ ဆိုတာကို လုံးဝ လက်ခံလိုက်ရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။

ပြောမယ်ဆိုရင် တရုတ်နိုင်ငံက စစ်ကောင်စီအပေါ် ထောက်ခံမှု ပေးလိုက်တာ မှန်ပေမဲ့ လုံးဝဥဿုံ ပုံအောထောက်ခံတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ "တိုင်းပြည်အတွင်းမှာရှိတဲ့ အရေးပါတဲ့ နိုင်ငံရေးအင်အားစုအားလုံးက ကွဲပြားခြားနားချက်တွေကို မှန်မှန်ကန်ကန်၊ ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဥ် ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးအပေါ် တရုတ်နိုင်ငံက ထောက်ခံတယ်" ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က စစ်ကောင်စီရဲ့ လူထုအပေါ်  ရက်ရက်စက်စက်၊ အကြမ်းဖက်သတ်ဖြတ် စစ်ခင်းနေတဲ့ လုပ်ရပ်တွေကို မထောက်ခံဘူးလို့ အဓိပ္ပာယ်ကောက်ယူ နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းရဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေဘောင်အတွင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ရမယ်"ဆိုတဲ့ ရပ်တည်ချက်ကတော့ စစ်ကောင်စီဘက် အလေးသာနေတာကို ဖော်ပြနေပါတယ်။

ဒီတော့ တရုတ်နိုင်ငံရဲ့ စစ်ကောင်စီအပေါ် ရပ်တည်ချက်က ဘာလဲ။ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် ဘယ်လို ရှုမြင်သလဲ။ စစ်ကောင်စီရဲ့ မီဒီယာတွေက " နိုင်ငံတကာ မျက်နှာစာမှာ တရုတ်နိုင်ငံကမြန်မာနိုင်ငံ (စစ်ကောင်စီ) နဲ့ အတူရပ်တည်တယ်" လို့ ရေးသားဖော်ပြကြပေမယ့် တရုတ်နိုင်ငံရဲ့ လူမှုသိပ္ပံအကယ်ဒမီ (The Chinese Academy of Social Sciences) ရဲ့ အရှေ့တောင်အာရှရေးရာဌာန (The Centre for Southeast Acsian  Studies) ရဲ့ ဒါရိုက်တာ Xu Liping က " တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတဲ့အတွက် တရုတ်နိုင်ငံက စစ်ကောင်စီအပေါ် ထောက်ခံတယ်လို့တော့ အဓိပ္ပာယ်မသက်ရောက်ပါဘူး" လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့ပါတယ်။

ဒါရိုက်တာ Xu Lipaing  ကပဲ "လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်စိန်ခေါ်မှုတွေကြောင့် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ တရုတ်-မြန်မာကုန်သွယ်မှု မြှင့်တင်မှုဆိုတာတွေက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွါးကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး" လို့ အတိအလင်း ထောက်ပြခဲ့ပါတယ်။ 

ဒါရိုက်တာ Xu Liping ရဲ့ ပြောဆိုချက်တွေနဲ့ အခြေအနေတစ်ရပ်လုံးကို ခြုံငုံကြည့်လိုက်ရင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းရဲ့ခရီးစဥ်ဟာ စစ်ကောင်စီအပေါ်  ဖေးမတဲ့သဘောရှိပေမယ့် ပုံအောထောက်ခံတဲ့သဘောမရှိပါဘူး။ နှစ်နိုင်ငံကြားပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းရင်း တစ်ဖက်မှာ စစ်ကောင်စီကို နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ ဖျောင်းဖျဖိအားပေးတဲ့ သဘောရှိပါတယ်။ တစ်ခါ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ချင်ဂန်း တွေ့ဆုံခဲ့တာကို ကြည့်ရင်လည်းပဲ တရုတ်နိုင်ငံဟာ စစ်ကောင်စီဥက္ကဋ္ဌ မအလအပေါ် ယုံကြည်မှုကင်းမဲ့နေတာကို ဖော်ပြနေပါတယ်။ လိုရင်းအနှစ်ချုပ်ရရင်တော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုမတိုင်ခင်အနေအထား (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း) ပြန်သွားရေးကို ဦးတည်တဲ့ နိုင်ငံရေးဆွေးမှုဖြစ်ရေး ဦးတည်ဖော်ဆောင်နေတဲ့ သဘောရှိပါတယ်။ စစ်ကောင်စီကို ဗဟိုပြုပြီး နိုင်ငံရေးအရ ဖြေရှင်းချက်ရှာမယ်ဆိုတဲ့ သဘောပါပဲ။ 

ဒီအချက်ကြောင့် မြန်မာလူထုဟာ တရုတ်နိုင်ငံအပေါ်  အမျက်ဒေါသထွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံလူထုအကြား တရုတ်နိုင်ငံအပေါ်  ဆန့်ကျင်ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာသလို တရုတ်နိုင်ငံရဲ့ ရေနံပိုက်လိုင်းတွေအပေါ် ခြိမ်းခြောက်တိုက်ခိုက်တဲ့ ကြိုးပမ်းမှုတွေလည်း ဖြစ်ပေါ်လာပါတယ်။ ဒါကို ကြည့်လိုက်ရင် တရုတ်နိုင်ငံရဲ့ မြန်မာ့နွေဦးတော်လှန်ရေးအပေါ်  အကဲဖြတ်ချက်က အခြေခံကစပြီး လွဲမှားနေတာက ထင်းထင်းကြီး ပေါ်လွင်နေပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ တရုတ်နိုင်ငံက ယူဆထားသလို NLD လိုလားတဲ့အင်အားစုတွေနဲ့ မအလ စစ်အုပ်စုကြား နိုင်ငံရေးအားပြိုင်မှု မဟုတ်ပါဘူး။ မြန်မာ့နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအပေါ် အခိုင်အမာ သန္နိဌာန်ချထားတဲ့ လူထုတစ်ရပ်လုံးရဲ့ လူထုတော်လှန်ရေးပါ။ မြန်မာ့အရေးမှာ "စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး"က  လုံးဝ လျစ်လျူရှုလို့မရတဲ့ အမျိုးသားရေး ဖြစ်နေပါတယ်။ ဒီအမျိုးသားရေးဦးတည်ချက်အပေါ်  အသိအမှတ်မပြုသရွေ့ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးအပေါ် ချဥ်းကပ်မှုဟာ ဘယ်လိုပဲ ချဥ်းကပ် ချဥ်းကပ် အောင်မြင်မှာ မဟုတ်ပါဘူး။ တစ်ဆက်တည်းပြောလိုတာက မြန်မာ့လူထုကြား စစ်အုပ်စုအပေါ်  လေးစားယုံကြည်မှုဆိုတာ သုညအဆင့်ကိုကျော်ပြီး အနုတ်လက္ခဏာအဆင့်ကို ရောက်နေပြီဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ စစ်အုပ်စုရဲ့ ဦးဆောင်မှု အခန်းကဏ္ဍဆိုတာ လုံးဝ မရှိနိုင်တော့ပါဘူး။ စစ်အုပ်စုဟာ မြန်မာ့နိုင်ငံရေး နယ်ပယ်ကနေ မလွဲမသွေ ထွက်ခွါရတော့မှာပါ။ ဒီအချက်ကို အသိအမှတ်ပြုမှသာ တရုတ်နိုင်ငံအနေနဲ့ မြန်မာ-တရုတ် ပြည်သူလူထုအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပြီး ရေရှည်တည်တံ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ဖော်ဆောင်နိုင်မှာပါ။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး လက်ရှိချဥ်းကပ်ပုံအပေါ် လက်မခံ၊ သဘောမတူတာကို ပွင့်ပွင့်လင်းလင်း ဖော်ပြရင်း တစ်ဖက်မှာလည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့အတွက် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွါးအပေါ် ထိပါးတိုက်ခိုက်တာတွေ မလုပ်ဖို့ တိုက်တွန်းတောင်းဆိုဖို့ လိုပါတယ်။ တစ်ပြိုင်တည်းမှာပဲ တရုတ်နိုင်ငံအနေနဲ့  စစ်အုပ်စုအပေါ် အခြေပြုပြီး မြန်မာ့အရေး ဖြေရှင်းဖို့ ဆက်ကြိုးပမ်းနေခဲ့မယ်ဆိုရင် မြန်မာလူထုအကြား ဂုဏ်သိက္ခာထိခိုက်တာသာ အဖတ်တင်ပြီး မြန်မာ-တရုတ် ပြည်သူလူထုအကြား ရေရှည်တည်တံ့ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက် လက်ခံလာအောင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သလို ဒေသတွင်းသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံလည်း ဖြစ်တဲ့အတွက် မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အုပ်စုဘက်က ရပ်တည်ပုံအောတာမျိုး ဟန့်တားကြိုးပမ်းဖို့က မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လိုအပ်ချက်တစ်ရပ်ဆိုတာကို နှလုံးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့ သန္နိဋ္ဌာန်ချ ပိုင်းဖြတ်ပါဝင်ဆောင်ရွက်မှုကသာ ‘အခရာ’ ဆိုတာကို လေးလေးနက်နက် နှလုံးသွင်းရင်း တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို တတ်နိုင်သမျှ ကျယ်ပြန့်ခိုင်မာအောင် ဆောင်ရွက်မယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ် ဆိုတာကို မဝေးလှတဲ့ အနာဂတ်မှာ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပါ။

လင်းလက်ဝိုင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024