Live
Home
ဆောင်းပါး
တရုတ်အကျိုးစီးပွားနဲ့ တပ်တွင်းအားပြိုင်မှု ပြင်းထန်တော့မှာလား
DVB
·
May 12, 2023

တရုတ်အစိုးရဟာ ၂၀၂၃  နှစ်ဦးပိုင်းကနေ ဒီနေ့အထိကို မြန့်မာအရေးနဲ့ပတ်သက်လို့ ခပ်စိတ်စိတ်ခြေလှမ်းသွက် လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်။ တရုတ်ဟာ မြန်မာပြည်ရဲ့ တရားမျှတမှု၊ မမျှတမှုတွေ အကျပ်အတည်းတွေ ပြည်သူတွေရဲ့ ဒုက္ခတွေကို လုံးလုံးစိတ်မဝင်စားဘဲ သူတို့ရဲ့ အကျိုးစီးပွားတွေ မထိခိုက်ဖို့နဲ့ အလုံးစုံ လက်ဝေခံနိုင်ငံတစ်ခုအဖြစ် သူ့လက်အောက်မှာ ထားရှိနိုင်ရေးကိုသာ ဦးတည်စဉ်းစားနေတာ ဖြစ်ပါတယ်။

မြန်မာပြည်ဟာ တရုတ်ရဲ့ ပထဝီဝင်နိုင်ငံရေးအရ အိမ်နီးချင်း ခြံစည်းရိုးတစ်ခုဖြစ်သလို ပင်လယ်ထွက်ပေါက်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ရခိုင်ကမ်းရိုးတန်းကနေ တနင်္သာရီအထိ ၁၃၈၅ မိုင်ထိ ကျယ်ပြန့်တဲ့ ပင်လယ်ထွက်ပေါက်နဲ့ သဘာဝဓာတ်ငွေ့သိုက်တွေဟာလည်း တရုတ်ရဲ့ မျက်စိကျစရာ ကမ္ဘာ့ပါဝါချိန်ခွင်လျှာမှာ အသာစီးရစေရေးအတွက် ဗျူဟာမြောက် နေရာတစ်ခုဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီလို သူရဲ့ ကမ္ဘာ့နံပါတ်တစ်ဖြစ်လာဖို့ အိပ်မက်အကောင်အထည်ဖော်ရာမှာ အရေးပါတဲ့မြန်မာပြည်မှာ မတည်မငြိမ်ဖြစ်နေတာမျိုးကို သူမလိုလားသလို အားလုံးတစ်ညီတစ်ညွတ်တည်း စည်းလုံးနေမှာမျိုးကိုလည်း သူမလိုလားပါဘူး။ ဒါကြောင့် ရှုံးနိုင်ခြေများနေတဲ့ စစ်တပ်ကို နိုင်မြင်းအဖြစ် မဟုတ်ရင်တောင် Win-Win အခြေအနေဖြစ်အောင်လုပ်ပြီး မြန်မာပြည်ရဲ့ အာဏာမသိမ်းခင် အခြေအနေကို ပြန်ရောက်အောင်တွန်းပို့နိုင်ဖို့ကို အားထုတ်နေတယ်လို့ ရှုမြင်သုံးသပ်လို့ ရနိုင်ပါတယ်။

မြန်မာစစ်တပ်ဟာ သက်တမ်းတလျှောက် အနောက်နိုင်ငံတွေ ပိတ်ဆို့မှုလမ်းကနေ လွတ်မြောက်ရေးအတွက် နိုင်ငံ့သယံဇာတနဲ့ ထုတ်ကုန်တွေကို အောက်ဈေးနဲ့ ထုတ်ရောင်းလာခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ရှိနေပါပြီ။ တရုတ်ပြည်မကြီးရဲ့ တရားဝင် အစိုးရချင်း ဖက်စပ်စီမံကိန်းတွေကနေ တရုတ်ရဲ့တရားမဝင်လုပ်ငန်းတွေအထိ မြန်မာပြည်နယ်စပ်တလျှောက်မှာ ကျယ်ပြန့်စွာတည်ဆောက်လုပ်ကိုင်နေတာဟာ ညံ့ဖျင်းပြီးကိုယ်ကျိုးရှာတဲ့ စစ်အုပ်စုဆီကရတဲ့ တရုတ်ရဲ့ကြီးမားတဲ့ အကျိုးအမြတ်တွေပါပဲ။ တရုတ်ဟာ ဒီလိုကြီးမားတဲ့ အကျိုးစီးပွားတွေကို လက်လွှတ်ဆုံးရှုံးလိုစိတ် မရှိတာမို့ မြန်မာ့နိုင်ငံရေးကနေ ကိုယ်ကျိုးရှာစစ်အုပ်စုကို အပြီးတိုင်ခြေမှုန်းခံလိုက်ရမှာကို မလိုလားဆုံးအုပ်စုရဲ့ ထိပ်ဆုံးမှာ ဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်အုပ်စုရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ကုလသမဂ္ဂ ခုံရုံးမှာ ဗီတိုအာဏာနဲ့ ကာကွယ်နေသလို တဖက်မှာလည်း စစ်အုပ်စုအသာရရေးအတွက် လိုအပ်တဲ့ နည်းပညာကအစ နည်းလမ်းပေါင်းစုံနဲ့ အကူအညီပေးနေတာကို တွေ့မြင်နေရတာပါ။ ဒါပေမဲ့လည်း အရှင်မွေးလို့ နေ့ချင်းမကြီးနိုင်လောက်အောင် မင်းအောင်လှိုင်နဲ့ ချစားစစ်တပ်ဟာ လက်တွေ့စစ်မြေပြင်မှာ အကျအဆုံးများပြီး ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒါဟာ တရုတ်အစိုးရအတွက် ကြီးမားတဲ့ စိတ်ပျက်စရာရလဒ်ဖြစ်ပြီး မှန်းချက်နဲ့နှမ်းထွက်မကိုက်တာမို့ တရုတ်အစိုးရဟာ မင်းအောင်လှိုင်မဟုတ်သော စစ်အုပ်စုထဲကခေါင်းဆောင်သစ်ကို ပွဲထုတ်ဖို့ ကြံစည်လာမလားလို့ ယူဆနိုင်စရာရှိလာပါတယ်။

ဒီယူဆချက်ကိုသက်သေပြနေတဲ့ အချက်ကတော့ မေလ ၂ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းရဲ့ စစ်အုပ်စုခေါင်းဆောင်ဟောင်း သန်းရွှေနဲ့ သွားရောက်တွေ့ဆုံခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိ အာဏာလက်ဝယ်ထားသူသာ အာဏာအပြည့်အဝ ရှိတာဖြစ်ပေမဲ့ မင်းအောင်လှိုင်ရဲ့ သက်လုံမကောင်းတဲ့ စစ်တပ်နဲ့ နိုင်ငံရေးပါးမဝမှုတို့ကြောင့် စစ်တပ်အတွင်းမှာ ပါဝါ လွန်ဆွဲပွဲတွေဖြစ်နေပြီ ဆိုတာကို တရုတ်အစိုးရက ကောင်းကောင်း သိထားပြီးဖြစ်မှာပါ။ ဒီတော့ အကြမ်းဖက်စစ်တပ်ရဲ့ ပါဝါလွန်ဆွဲမှု အခြေအနေကိုကြည့်ရင် စကစ ဥက္ကဋ္ဌ ဖြစ်နေတဲ့ မင်းအောင်လှိုင်နဲ့ ဒုဥက္ကဋ္ဌ ဖြစ်နေတဲ့ စိုးဝင်းတို့ဟာ အကြီးမားဆုံး ပါဝါယှဉ်ပြိုင်ဖက်တွေဖြစ်ပြီး စစ်အုပ်စုရဲ့ခေါင်းဆောင်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ခင်ရီတို့ဟာ တတိယအုပ်စုအဖြစ် ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ တကိုယ်ရေ အာဏာရူးမှု နောက်ဆက်တွဲ ဖြစ်စဉ်တွေကို သူကိုယ်တိုင် မထိန်းချုပ်နိုင်ခြင်းဟာ တတိယအုပ်စုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေအပေါ် စိတ်အပျက်ကြီး ပျက်စေပါတယ်။ အရှုံးနဲ့သာ နိဂုံးချုပ်ရင် စစ်ခေါင်းဆောင်ဟောင်းတွေဟာလည်း စစ်ခုံရုံးနဲ့ ရင်ဆိုင်ရမယ်ဆိုတာမလွဲမသွေ သိထားတာပါ။ ဒီလိုရင်တမမဖြစ်နေရတဲ့ ဖက်ဆစ်တပ်ရဲ့ အခြေအနေကို သိတဲ့ တရုတ်အစိုးရဟာ မဟာဗျူဟာကျကျပဲ စစ်အုပ်စုခေါင်းဆောင်ဟောင်း သန်းရွှေကို သွားရောက်တွေ့ဆုံပါတော့တယ်။ ဒါဟာ မင်းအောင်လှိုင်အပေါ် အပြည့်အဝယုံကြည်မှုမပေးနိုင်ဘူး၊ စစ်အုပ်စုဆက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် အဖြေသစ်တစ်ခု ရှာရတော့မယ် ဆိုတဲ့အချက်ကို မီးစိမ်းပြထောက်ခံလိုက်တာမျိုးပဲ ဖြစ်ပါတယ်။

ဒါဆိုရင် တစ်ခုတည်းသောအဖြေက မင်းအောင်လှိုင်မဟုတ်သော စစ်ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ဖို့နဲ့ မင်းအောင်လှိုင်ကို ထိုးကျွေးပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ကို ဦးတည်နေတာကို သိသာထင်ရှားစွာ မြင်လာရပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ဟာ အရူးပါး ဖြစ်နေတာဖြစ်တာကြောင့် ဒီလိုအခြေအနေကို မရိပ်စားမိစရာ မရှိပါဘူး။ အထူးသဖြင့် စစ်ထောက်လှမ်းရေး (စရဖ) ဟာ မင်းအောင်လှိုင်ရဲ့ အာဏာစက်အောက်မှာရှိနေတဲ့ အခြေအနေမျိုးမှာ စစ်အုပ်စုဟောင်းတွေရဲ့ ရွေ့လျားမှုတွေကိုလည်း ထောက်လှမ်းနေမှာ အသေအချာပါပဲ။ ဒါကြောင့်ပဲ မေ ၅ ရက်နေ့မှာ တပ်မ ၉၉ ရဲ့ ဗိုလ်မှူးကြီးအဆင့်ရှိ တပ်နယ်မှူးနဲ့အဖွဲ့ကို ဖမ်းဆီးလိုက်တာလို့ ယူဆစရာရှိပါတယ်။ အခုလို တပ်ပြေးနဲ့ CDM လုပ်သူ များပြားလာတာကြောင့် တပ်တွင်းစည်းရုံးရေးနဲ့ တော်လှန်ရေးအင်အားစုတွေကြား CDM တွေအပေါ် ယုံကြည်မှုလျော့နည်းလာစေဖို့ တပ်ဝါဒဖြန့် Channel တွေကနေ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေတဲ့အချိန်မျိုးမှာ အခုလို ဖမ်းဆီးအရေးယူတာမျိုးဟာ အံ့အားသင့်စရာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါဟာ စိုးဝင်းကို တိုက်ရိုက်ဖယ်ရှားတာထက် ပိုအမြင်လှပြီး တပ်တွင်းမှာ စိုးဝင်းရဲ့ အရာရောက်မှုနဲ့ ထောက်ခံနေမှုကို ဒီထက်ပိုမကျယ်ပြန့်ဖို့ မင်းအောင်လှိုင်ရဲ့ ရိုးရှင်းတဲ့လုပ်ဆောင်မှုအဖြစ် ကောက်ချက်ချနိုင်ပါတယ်။ ပြီးတော့ ဖမ်းဆီးတဲ့ ဖြစ်စဉ်ဟာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြန်သွားပြီး နောက်ရက်မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ လက်ရှိ ဖက်ဆစ်တပ်ရဲ့ စစ်ဦးစီးဖြစ်နေတာမို့ သူ့နေရာကို အစားထိုးမယ့် ဘယ်သူ့ကိုမှ လက်သင့်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် မင်းအောင်လှိုင်ဟာ စိုးဝင်းအပေါ် ကြီးမားတဲ့သံသယ ရှိနေတာ အခုမှမဟုတ်ဘူးဆိုတာလည်း သိသာထင်ရှား ပါတယ်။ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Innya Urban Force အဖွဲ့က ရှင်းလင်းခဲ့တဲ့ စိုးဝင်းရဲ့ဆရာ အကြံပေးဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်အုန်းသွင် ရှင်းလင်းခံရခြင်း ဖြစ်စဉ်ဟာလည်း အင်မတန်သံသယဖြစ်စရာကောင်းနေပါသေးတယ်။ မြို့ပြပြောက်ကျားတွေရဲ့လှုပ်ရှားမှုအများစုကို စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတွေက မပြတ်လိုက်လံထောက်လှမ်းနေတဲ့ကြားက အခုလိုကြီးမားတဲ့ပစ်မှတ်တွေကို ရှင်းလင်းနိုင်တာဟာ အတွင်းလူတွေ မပါဝင်ဘဲ မဖြစ်နိုင်ပါဘူး။ မင်းအောင်လှိုင်ကိုယ်တိုင်လည်း ၂၀၂၂ ခုနှစ်အတွင်းမှာ မတော်တဆမှုဖြစ်စဉ်တွေကို ကြုံတွေ့ခဲ့ရပြီး ဒါတွေဟာလည်း တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးဆိုတာ သာမန်လူတောင် တွေးနိုင်တဲ့ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ မင်းအောင်လှိုင်လို ဘာတိုက်ပွဲအတွေ့အကြုံမှမရှိ၊ နိုင်ငံရေးအကြောင်းလည်း နကန်းတစ်လုံးမျှ မသိတဲ့သူထက်စာရင် စစ်ရေးအတွေ့အကြုံရော အရည်အချင်းပါရှိတဲ့ စိုးဝင်းကို ခေါင်းဆောင်တင်မြှောက်နိုင်ခြင်းက ယခုလို အဖက်ဖက်က နိမ့်ကျနေတဲ့အခြေအနေကနေ ကျော်လွန်နိုင်မယ့် အဖြေတစ်ခုအဖြစ် ယူဆဖွယ်ရှိပါတယ်။ ဒါပေမဲ့လည်း မင်းအောင်လှိုင်ကတော့ သေစရာရှိ သူတစ်ယောက်တည်း အသေခံမှာမဟုတ်ဘဲ စစ်အုပ်စုတစ်ခုလုံးကိုပါ ဆွဲခေါ်သွားဖို့ စီမံထားပုံပါပဲ။ ဒီတော့ ဒီလို စစ်အုပ်စုရဲ့ ထိပ်သီးနေရာက နံပါတ်တစ်နဲ့ နံပါတ်နှစ်တို့ရဲ့ အားပြိုင်မှုမှာ ဘယ်သူအနိုင်ရမလဲ။ တရုတ်အစိုးရကရော စစ်အုပ်စုခေါင်းဆောင်ဟောင်းတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေ ရယူထားလဲ။ မင်းအောင်လှိုင်ဘက်ကရော တရုတ်နဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ဆန့်ကျင့်ပြီး စိုးဝင်းကို အရင်လက်ဦးမှု ရယူနိုင်ပါ့မလား ဆိုတာကတော့.....။

GSCB

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024