Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
“ကမ်းရိုးတန်းက ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ဖို့သင့်ပြီ” အင်အားပြင်း မိုခါ (MOCHA) ဆိုင်ကလုန်းအခြေအနေ မေးမြန်းချက်
DVB
·
May 11, 2023

အင်အားပြင်း မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ၄ ခုရှိ  လူဦးရေ ၂ သန်းနီးပါးအပေါ် သက်ရောက်မှုရှိနိုင်ပြီး ရခိုင်ကမ်းရိုးတန်းက ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ဖို့သင့်ပြီလို့ မိုးလေဝသ ပညာရှင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)”အဖြစ် ရောက်ရှိခဲ့ပြီလို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၁ ရက် မနက်မှာ ထုတ်ပြန်ထားပါတယ်။

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကမ်းခြေကို ဝင်ရောက်နိုင်ပြီး မုန်တိုင်းဒဏ်ကို စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဂွမြို့တွေ တိုက်ရိုက်ခံရနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မိုခါ မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်လို့ နောက်ဆုံးရ မိုးလေဝသ တိုင်းတာချက် အခြေအနေနဲ့ ပြည်သူတွေ သတိထားရမယ့် အချက်အလက်တွေနဲ့ ပတ်သက်လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်ကို  ဒီဗွီဘီ သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ဆရာ ဒီနေ့  မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ ဘက်သက်ပြီး နောက်ဆုံး မိုးလေဝသ တိုင်းတာချက် အခြေအနေ သိချင်ပါတယ်။

ဖြေ။ “လောလောဆယ်က သူက ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်လာပြီ။ နာမည်က မိုချာ (MOCHA) ဆိုတဲ့ နာမည် မပေးရသေးဘူး။ ယီမင်နိုင်ငံက ပေးတဲ့ နာမည် မတွင်သေးဘူး။ ဒီနာမည် ပေးလို့ မရသေးဘူး။ သူ့ကို ဆိုင်ကလုန်းမုန်တိုင်း “ONE” ဘင်္ဂလားပင်လယ်အော်မှာ ပထမဦးဆုံး ဖြစ်တဲ့ မုန်တိုင်းဖြစ်တဲ့အတွက် သူ့ကို 01B လို့ နာမည်ပေးထားတယ်။ ပြီးတော့မှ ဒီမုန်တိုင်းက လက်ရှိနေရာကနေ အရှေ့မြောက် မြောက်ဘက် စစ်တွေကို တည့်တည့်ဝင်မယ်။ ပြီးရင် ကုန်တွင်းကနေ ဖြတ်ပြီးတော့ တရုတ်နိုင်ငံထဲအထိ သူက ကုန်တွင်းလေဖိအားနည်း ရပ်ဝန်းကနေ ဆက်ပြီး ရွေ့သွားမယ်လို့ ကျနော် တွေ့ထားတယ်။”

မေး - မုန်တိုင်းရဲ့ အန္တရာယ်သတိပေးချက် အဆင့်ကရော ဘယ်လိုလာမလဲ။

ဖြေ။ “မုန်တိုင်းအန္တရာယ် သတိပေးချက်အဆင့်က မိုးဇလကလည်း အနီရောင်အဆင့်လို့ သတိပေးမှာပဲ။ ဒါမြန်မာနိုင်ငံကို တိုက်ရိုက်ဝင်မယ်ဆိုတာ။ ဒါပေမဲ့ တခုတော့ ရှိတာ မိုးဇလရဲ့ သတ်မှတ်ချက်က ကမ်းခြေကို ဝင်ဖို့အတွက် ၄၈ နာရီရောက်ပြီဆိုတာ အနီရောင်အဆင့်ကို ထုတ်တယ်။ အခုချိန်မှာတော့ လက်ရှိ တည်ရှိနေတာကိုပဲ ထုတ်မယ်။ နိုင်ငံတကာ Global Disaster Alert and Coordination System (GDACS) ကတော့ အခုချိန်မှာ Red Alert (အနီရောင်အဆင့်) ဆိုတာကို ထုတ်လိုက်ပြီ။ အဲဒါကတော့ မြန်မာနိုင်ငံအပါအဝင် လူဦးရေ ၂ သန်းအထိ ထိခိုက်နိုင်တယ်။ မြန်မာနိုင်ငံကတော့ အနီရောင်အဆင့် သတိပေးချက်မှာ အမြင့်ဆုံး သတိပေးထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို အဲ့ထဲမှာ တင်ပြထားတယ်။”

မေး။ အဲဒီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ဘယ်ဒေသက ပြည်သူတွေ အထူးသတိထားရမလဲ။

ဖြေ။ “အဓိကက မုန်တိုင်းရဲ့ အရွယ်အစား ကြီးတယ်။ အချင်းမိုင် ၅၀၀ နီးပါးလောက်ရှိတယ်။ နောက်တခုက မုန်တိုင်းရဲ့ ပြင်းအားက ၁၆၇ ကီလိုမီတာနှုန်းဆိုတော့ မိုင်အားဖြင့် ၁၀၀ ကျော်တယ်။ တနာရီ ၁၀၀ ကျော်နှုန်းနဲ့ တိုက်မယ်ဆိုတော့ ရခိုင်ကမ်းရိုးတန်းတခုလုံးမှာရှိတဲ့ ပြည်သူတွေက မနေ့တုန်းက သတိပေးထားတဲ့အတိုင်း 01 မဖြစ်ခင် သတိပေးထားတာရှိတယ်။ မုန်တိုင်းဝင်မှာက စစ်တွေမြို့ဖြစ်တယ်။ စစ်တွေမြို့ရဲ့ မြောက်ဘက် မိုင် ၁၅၀ ၊ တောင်ဘက် မိုင် ၁၅၀ မှာရှိတဲ့ ကမ်းရိုးတန်းက ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ဖို့သင့်ပြီ၊ ရှောင်ကြသင့်ပြီလို့ သတိပေးထားတာ ရှိတယ်။ အခု GDACS က ထွက်လာတဲ့ အနီရောင်အဆင့် သတိပေးချက် အနေအထားအရဆိုရင် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ပြည်နယ်နဲ့ တိုင်း ၄ ခုက ပြည်သူတွေ စုစုပေါင်း လူဦးရေ ၁ ဒသမ ၈ သန်း ထိခိုက်နိုင်တဲ့ အန္တရာယ် ရှိတယ်လို့ သတိပေးထားပါတယ်။”

မေး။  ဒီလိုမျိုး လူပေါင်း ၁ ဒသမ ၈ သန်းကျော် ထိခိုက်နိုင်တဲ့ အင်အားပြင်းမုန်တိုင်းဖြစ်တဲ့ အတွက် ပြည်သူလူထုနဲ့ တာဝန်ရှိသူတွေက အဓိက ဘယ်လို ပြင်ဆင်မှုတွေ လုပ်ထားရမလဲ။

ဖြေ။ “အရေးအကြီးဆုံးကတော့ စစ်တွေရဲ့ မြောက်ဘက် မိုင် ၁၅၀၊ တောင်ဘက် မိုင် ၁၅၀ မှာပါတဲ့ ရွာတွေ၊ မြို့တွေ အခုအခြေအနေတိုင်းဆို စစ်တွေရဲ့တောင်ပိုင်းဆို သံတွဲ၊ ဂွအထိ ပါတယ်။ စစ်တွေရဲ့ မြောက်ပိုင်းဆို ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းလည်း ပါတယ်။ ဒီထဲမှာရှိတဲ့ မြို့တွေရွာတွေကလူတွေသည် အနည်းဆုံး ကုန်မြင့် ၁၀ ပေအထက်မှာရှိတဲ့ ကုန်းမြင့်ကို အရင်ဆုံးရွှေ့ပြောင်းသင့်ပြီ။ ရွှေ့ပြောင်းရမယ့် အချိန်ဖြစ်ပြီ။”

“ဒါကတော့ Evacuation (ရွှေ့ပြောင်းတဲ့အချိန်) ပေါ့။ ပြီးတော့မှ လေပြင်းတိုက်လာနိုင်တဲ့ အနေအထားက ၁ နာရီကို ၁၀၃ ဒသမ ၇ မိုင်လို့ အတိအကျ ပြောပေးထားတယ်။ အဲဒီ လေပြင်းတိုက်တဲ့ဒဏ် ခံနိုင်ဖို့လည်း ကုန်းမြင့်ဆိုပြီး တောင်အမြင့်ကြီးတက်လို့ မရဘူး။ အဲဒီလို အခြေအနေရှိတယ်။ အဲ့တော့ ကမ်းခြေက လူတွေကတော့ ပထမဦးဆုံး ဦးစားပေး အရင်ဆုံး မုန်တိုင်းမဝင်ခင် ကယ်ဆယ် ရွှေ့ပြောင်းရမယ့် လူတွေ။ ပြီးတော့မှ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒီ မြေပြန့်ဒေသနဲ့ ချင်းလို တောင်ထူတဲ့ နေရာကလူတွေ တောင်ပြိုမြေပြိုမှာ သတိထားရမယ်။ နောက်တခုက တောင်ကျ ချောင်းရေ ဆင်းလာမှာတွေ ရှိတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတောင် တံတားကြီး ကျိုးပြတ်ပြီး ပါသွားတဲ့အထိ တောင်ကျချောင်းရေ ပြင်းတာတွေရှိတယ်။ နောက်တခုက မိုးပြင်းနိုင်တယ်။ လေတအား ပြင်းနိုင်တယ်။ တနာရီ မိုင် ၆၀၊ ၇၀ နီးပါးလောက် ဒီပြည်နယ်နဲ့ တိုင်းတွေမှာ ဖြစ်နိုင်မယ်။ ကုန်တွင်းမုန်တိုင်း တိုက်ခိုက်တဲ့အခြေအနေကို သတိထားဖို့ လိုတယ်။ ကမ်းစပ်တွေမှာလို မုန်တိုင်းဒီရေ အလုံးအရင်းနဲ့ ဝင်လာပြီးတော့ နာဂစ်တုန်းကလို ဖြစ်မှာ မဟုတ်တဲ့အတွက် ကုန်တွင်းကလူတွေကတော့ ရှောင်စရာ မလိုဘူး။ တောင်ကျချောင်းရေ ဖြစ်နိုင်တဲ့ နေရာတွေ မြေပြိုနိုင်တဲ့နေရာတွေ အဲ့လိုနေရာတွေမှာ မနေဖို့ အဲ့နေရာတွေကနေ ဝေးဝေးမှာနေဖို့ လိုတယ်။ အဲဒါက ကမ်းစပ်နဲ့ ကုန်းတွင်း အဲ့ နှစ်ခုကို သတိပြုဖို့ ပြောချင်ပါတယ်။”

မေး။  ကုန်းတွင်းမုန်တိုင်း ဝင်ရောက်မယ့်နေ့ရက်နဲ့ အဲဒီ အခြေအနေလည်း သိချင်ပါတယ်။

ဖြေ။ “ကမ်းစပ်ကို စစ်တွေကို ၁၄ ရက် ညပိုင်းလောက် ဝင်နိုင်တယ်။ ကုန်တွင်းမုန်တိုင်း အနေနဲ့ ချင်းပြည်နယ်က ထွက်ပြီးတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းကို ဗဟိုပြုပြီး ဝင်သွားမယ့် အနေအထားက ၁၅ ရက် မနက် ၆ နာရီလောက်ကို ဝင်နိုင်မယ်လို့ ခန့်မှန်းထားတယ်။ အဲဒီအချိန်မှာ ကုန်တွင်းမုန်တိုင်း ဖြစ်သွားတဲ့အချိန်မှာ တနာရီကို မိုင် ၄၀ အထက် သစ်ပင်တွေ လဲမယ်။ တော်တန်ရုံ အမိုးအကာ မခိုင်ခံ့တဲ့အိမ်တွေဆို လဲသွား ပြိုသွားနိုင်တယ်။ ကုန်းတွင်းက မေလ ၁၅ ရက်နေ့ မနက် ၆ နာရီခွဲ၊ မြန်မာ-တရုတ် နယ်စပ် ကချင်ပြည်နယ်ကနေ တရုတ်ပြည် နယ်စပ်ထဲကို ကုန်တွင်းမုန်တွင်း ထွက်သွားနိုင်တဲ့အချိန်က မေလ ၁၆ ရက် မနက် ၆ နာရီခွဲ၊ ဒါကတော့ တနာရီကို လေတိုက်နှုန်း မိုင် ၂၀ အောက် ရောက်သွားတာ ဖြစ်တဲ့အတွက် ကုန်တွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်သွားပြီ။”

မေး။  မုန်တိုင်းပြီးသွားနောက်မှာရော ဘာတွေ ပြင်ဆင်ထားသင့်လဲ ဆရာ။

ဖြေ။ “ကြိုတင်သတိပေးတဲ့အချက် (Early Warning) အရင် စလုပ်ရတယ်။ စလုပ်ပြီးမှ မုန်တိုင်း သက်ရောက်နိုင်တဲ့ နေရာတွေ သိလာပြီ၊ မုန်တိုင်းပြင်းအား အရွယ်အစားကို သိပြီဆိုမှ အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းတဲ့ အလုပ် (Evacuation) ကို ဒုတိယအဆင့် ဆက်လုပ်တယ်။ ဆက်လုပ်ပြီးမှ မုန်တိုင်း ဝင်သွားပြီ၊ တိုက်သွားပြီဆိုရင် အဲဒီမှာ သေဆုံး ပျောက်ဆုံးတဲ့ ပြည်သူတွေ ရှိနိုင်တယ်။ အဲဒါကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရှာဖွေကယ်ဆယ်ရေး (Search and Rescue) ဆက်လုပ်ရမှာပေ့ါ။ ပြီးသွားပြီဆိုတော့ ပြန်လည်ထူထောင်ရေး (Resettlement) ဆိုတာကို လုပ်ရမယ်။ ဒါတွေကိုတော့ တာဝန်ရှိသူတွေ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက ကိုယ့်ရပ်ကိုယ့်ရွာကို အားထည့်ပြီးတော့ လုပ်ရမယ့်အနေအထားမျိုးတွေ ရှိပါတယ်။”

မေး။ ဒီမုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး  ဆရာ့အနေနဲ့  နောက်ထပ် ဘာများ ဖြည့်စွက် ပြောချင်ပါသလဲခင်ဗျာ။

ဖြေ။ “မုန်တိုင်းအရွယ်အစားက ကြီးတယ်။ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် ဒီနေရာတွေအထိ မုန်တိုင်းရဲ့ အရှိန် သက်ရောက်မှု ရှိတယ်။ မုန်တိုင်းရဲ့ ညာဘက်ခြမ်းသည် သက်ရောက်မှု အားပိုပြင်းတယ်။ ကမ်းခြေက လူတွေက အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ အန္တရာယ်ရှိတယ်။ ကုန်တွင်းက မုန်တိုင်းရယ်၊ မုန်တိုင်း ညာဘက်ခြမ်းက သက်ရောက်မယ့် လူတွေသည် အသက်အန္တရာယ်တော့ မရှိဘူး။ ပစ္စည်းတွေ၊ အဆောက်အဦတွေ ပျက်စီး ဆုံးရှုံးသွားနိုင်တယ်။ ကံမကောင်းရင် သစ်ပင်လဲတာ၊ သစ်ကိုင်းကျိုးကျပြီး ပိတာ၊ မိုးကြိုး ပစ်တာ၊ လေဆင်နှာမောင်းလိုမျိုး တိုက်တာဖြစ်လို့ အသက်သေဆုံးတာ အန္တရာယ် ဖြစ်နိုင်တယ်။ ဒါတွေကို သတိထားပါလို့ သတိပေးချင်ပါတယ်” 

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024