(၁၇) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်အပြီး ထုတ်ပြန်ချက်ဟာ အပြုသဘောမဆောင်ဘဲ အန်စီအေပါ ပြဋ္ဌာန်းချက်တွေနဲ့ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းကို ဦးတည်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က (၁၇) ကြိမ်မြောက်ကေအန်ယူ ကွန်ဂရက်ကျင်းပခဲ့ပြီး ဗဟိုအမြဲတမ်းကော်မီတီဝင် ၄၅ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီသစ် ၁၁ ဦးနဲ့ ဗဟိုတရားသူကြီးချုပ် ၁ ဦးကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
ကွန်ဂရက်နဲ့ ပတ်သက်တဲ့ ကေအန်ယူရဲ့ ကြေညာချက်ထဲမှာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ပြီး ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစု၊ လူထုလူတန်းစား အသီးသီးနဲ့အတူ လက်တွဲညီစွာ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။
ဒီအရေးအသားပေါ် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆာင်ရေးကော်မီတီက လက်ရှိဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုဟာ ပါတီစွဲ၊ ပုဂ္ဂိလ်စွဲတို့အရ လှုံ့ဆော်မှုနဲ့ ပြည်ပပရောဂတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခသာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါအပြင် အန်စီအေ အခြေခံမူအရ လွတ်လပ်မှု၊ တန်းတူညီမှုနဲ့ တရားမျှတမှုတို့ကို အခြေခံပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အာမခံချက် အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်နဲ့အညီ တည်ဆောက်သွားဖို့ သဘောတူခဲ့တဲ့အတွက် အခုလို ထိပ်တိုက်ရင်ဆိုင်တဲ့ လက်နက်ကိုင်တိုက်ပွဲဝင်မယ့် လမ်းကြောင်းဟာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ပြီး အကြမ်းဖက်လုပ်ရပ်သို့ ဦးတည်ဆောင်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက် တရားမဝင် အာဏာသိမ်းယူခဲ့တဲ့စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်၊ ရွာတွေကို မီးရှို့နေတာကြောင့် နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး ကေအန်ယူအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အတူလက်တွဲကာ ခုခံတွန်းလှန်စစ်ပွဲ ဆင်နွှဲနေကြတာဖြစ်ပါတယ်။