Home
မြန်မာသတင်း
နေရပ်ပြန်နိုင်ရေးအတွက် ရိုဟင်ဂျာဒုက္ခသည်အဖွဲ့ မောင်တောသို့ လာရောက်လေ့လာမည်
DVB
·
May 5, 2023

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာရေး ပဂတိမြေပြင်အခြေအနေကို ကြည့်ရှုလေ့လာဖို့ ရိုဟင်ဂျာဒုက္ခစခန်းက တာဝန်ရှိသူတွေနဲ့  ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားပြု အိမ်ထောင်ဦးစီး ၂၁ ဦးပါဝင်တဲ့ အဖွဲ့ဟာ ဒီနေ့  မေလ ၅ ရက်နေ့ မောင်တောမြို့သို့ လာရောက်မယ်လို့ ပြန်လည်လက်ခံရေး တာဝန်ရှိသူက ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ကနေ ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို လာကြမှာ။ ငါးခူရကနေ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းကို လာကြမှာ၊ လှဖိုးခေါင်မှာတော့ သူတို့ စားသောက်ရေးအတွက် စီစဥ်ထားတယ်။ ဝတ်ပြုဖို့နေရာတွေပါ ကော်ဇောခင်းပြီး ပြုပြင်ထားကြတယ်ဗျ။”

ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ မလာရောက်ခင် စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ပါ မေလ ၄ ရက်နေ့ကတည်းက  မောင်တောမြို့ကို ကြိုတင်ရောက်ရှိနေပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဘက်က လာကြမှာက IDP စခန်း တာဝန်ခံတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ်စားပြု အိမ်ထောင်ဦးစီး ၂၁ ဦး ပါဝင်မှာ။ တရက်တည်း လေ့လာရေးပါ။ လက်ခံမယ့်နေရာကတော့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းပေါ့။”

၂၀၁၇ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူ ၇ သိန်းကျော်အနက် ဒုက္ခသည် ၁,၀၀၀ ကျော်ကို ရှေ့ပြေးစီမံချက်တခုအဖြစ် မေလကစလို့ ဒုက္ခသည်နေရပ်ပြန်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းစီစဉ်နေကြပါတယ်။

မြန်မာဘက်က လက်ခံဖို့ လျာထားတဲ့  ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာ ၇၀၀ ကျော်နဲ့ ဟိန္ဒူ ၄၀၀ ပါဝင်ပြီး အဲဒီလူတွေကို မြန်မာဘက်မှ ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တွေ့ဆုံ စိစစ်အတည်ပြုပြီး ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024