Home
မြန်မာသတင်း
မုံရွာမြို့ပေါ် မြဝတီဘဏ်ခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
May 5, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာရှိတဲ့ မြဝတီဘဏ်ခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေလ ၃ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

မုံရွာမြို့ပေါ် ပိတောက်ကုန်းရပ်ကွက် ကားလေးကွင်းဘေးက မြဝတီဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မေလ ၃ ရက် နေ့လယ်ပိုင်းက Golden Eagle Force - Monywa နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ​ရှောင်တခင် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်သာတဦး သေဆုံးခဲ့တယ်လို့ Golden Eagle Force-Monywa တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုလင်းယုန်က ပြောပါတယ်။

“အဲ့ဘဏ်က မုံရွာ ကားလေးကွင်းဘေးမှာ ရှိတာပါ။ ကဆုန်လပြည့်နေ့က မုံရွာကို ကန့်ဘလူက ပျူဘုန်းကြီး ဝါသဝ ရောက်နေတဲ့အချိန်ဗျ။ အဲ့ဒါကြောင့် မြို့ပေါ်တက်ပြီး ခုလိုပစ်ခတ်ခဲ့တာပါ။ စစ်သားတယောက်ကတော့ ကျနော်တို့ပစ်ခတ်တုန်းပဲ လဲကျသွားတယ်။ သတင်းပေးအရတော့ ညနေပိုင်းမှာ သေသွားပြီကြားတယ်။ ပြည်သူတွေ စစ်ကောင်စီနဲ့ပတ်သက်တဲ့ နေရာတွေကို ရှောင်ကွင်းပေးပါခင်ဗျ။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒဏ်ရာရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်တာ မရှိသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုလို တိုက်ခိုက်မှုတွေကို Golden Eagle Force-Monywa၊ မုံရွာခရိုင် အမှတ် ၂၄ တပ်ရင်း-တပ်ခွဲ ၁ (Monywa Ranger Group/Truth Army)၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ Brother Revolution Force-Monywa တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကလည်း Golden Eagle Force-Monywa နဲ့ ပူးပေါင်းတပ်တွေက မုံရွာမြို့ပေါ်က စစ်ကောင်စီ/ရဲ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024