Home
အနုပညာ
မြောက်ဦးအကြောင်း မှတ်တမ်းရုပ်ရုင် ပြင်သစ်ရုပ်ရှင်ပွဲတော်၌ အကောင်းဆုံးရုပ်ရှင်ဆုရ
DVB
·
May 3, 2023

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးအကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ My Hidden City မှတ်တမ်းရုပ်ရုင်ကားဟာ မေလ ၁ ရက်က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဇာတ်ကားဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီ မှတ်တမ်းရုပ်ရုင်ဟာ မေလ ၁ ရက်နေ့က ပြင်သစ်နိုင်ငံ နိုက်စ်မြို့မှာ ပြုလုပ်တဲ့ Giraffe Film Festival မှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဇာတ်ကားဆုကို ဆွတ်ခူးရရှိခဲ့တာလို့ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ စီမံကိန်းအရာရှိ ဒေါ်ခင်သန်းက ​ပြောပါတယ်။

“ဆုရတာကတော့ ဟုတ်ပါတယ်။ ကျမတို့ဆီကို ဒါရိုက်တာ Kimball ဆီက My Hidden City ရုပ်ရုင်က အကောင်းဆုံးရုပ်ရှင်ဆုရတယ်ဆိုပြီး အီးမေးလ်ကနေတဆင့် အသိပေး ပြောကြားလာတာဖြစ်တယ်။ ဒီမှတ်တမ်းရုပ်ရှင်ဇာတ်ကားက အရင်ကလည်း နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ခဲ့ဖူးတယ်။ အခုတော့ အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့တာဖြစ်တယ်။”

အခု ဆုရရှိခဲ့တဲ့ My Hidden City မှတ်တမ်းရုပ်ရုင်ကားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်နိုင်ငံသား ဒါရိုက်တာ Barry Pousman နဲ့ မြန်မာနိုင်ငံသား ဒါရိုက်တာ ကိုဝဏ္ဏကျော်တို့က ရခိုင်ရှေးဟောင်းမြောက်ဦးမြို့အကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကားကို တချိန်က ရခိုင်ကို ကမ္ဘာက သိရှိစေဖို့နဲ့ ယူနက်စကိုအတွက် အထောက်အကူပြုစေဖို့အတွက် ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဒေါ်ခင်သန်းက ထပ်ပြောပါတယ်။

“ကျမတို့ ဒီမှတ်တမ်းရုပ်ရှင်ကားကို ရိုက်ကူးတာက တချိန်က ရခိုင်ရဲ့မြို့တော် မြောက်ဦး ဆိုတာကို ကမ္ဘာက သိရှိစေဖို့အတွက် ပြသချင်တာဖြစ်တယ်။ အခုက ရခိုင် ဆိုတာကို ဘယ်လိုမျိုးဆိုတာ ကမ္ဘာက မသိသေးဘူး။ နောက် ရခိုင်မှာရှိတဲ့ မြောက်ဦးအမွေအနှစ်တွေကို ထိန်းသိမ်းချင်တဲ့ဆန္ဒနဲ့ ရိုက်ကူးခဲ့တာဖြစ်တယ်။ ပြီးတော့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲမှာ ဝင်ဖို့အတွက် ကြိုးစားနေဆဲကာလထဲဆိုတော့ အခုလို ရိုက်ကူးပြီး ကမ္ဘာကို ချပြလိုက်တာကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် အထောက်အကူတခုဖြစ်ဖို့အတွက် ကျမတို့က ရိုက်ကူးခဲ့ကြတာ ဖြစ်တယ်။”

အခုမှတ်တမ်းရုပ်ရှင်ကို ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းနဲ့ Mr Kimball Gallagher တို့က အဓိက ဦးဆောင်ပံ့ပိုးခဲ့ကြတာဖြစ်ပြီး ကိုစောမင်းဖြူနဲ့ မစောနန်းဣသျှင်တို့က အဓိက သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ရခိုင်လူမျိုးတွေရဲ့ ခေတ်အဆက်ဆက် ထုံးတမ်းစဉ်လာတွေ၊ ဓလေ့စရိုက်တွေနဲ့ ရှေးဟောင်းဘုရားစေတီပုထိုးတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဆိုပါ My Hidden City မှတ်တမ်းရုပ်ရှင်ကို ပြင်သစ်၊ အမေရိကန်၊ အိုင်ယာလန်၊ အာဂျင်တီနား၊ ဂျပန် စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှာ ဘာသာစကား ၈ မျိုးခန့် ဘာသာပြန်ဆိုကာ ပြသထားပြီး ဖြစ်ပါတယ်။

ရခိုင်ရှေးဟောင်းဒေသ မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် (ယူနက်စကို) စာရင်းဝင်နိုင်ဖို့အတွက် အဆိုပြုလွှာမူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ တင်သွင်းခဲ့ပြီး အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ထပ်မံတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ယူနက်စကို စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးဖို့အတွက် ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဝင်ခွင့်ကြိုးပမ်းနေသူတွေက သုံးသပ်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024