
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲမှာ မေလ ၁ ရက် ည ၁၁ နာရီကျော်လောက်က ထိုင်းရဲတွေနဲ့ လဝကတွေက လမ်းမကြီးတွေနဲ့ မြို့ရှောင်လမ်းတွေကို စစ်ဆေးနေစဥ် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesai Press သတင်းဌာနက ဖော်ပြပါတယ်။
မေလ ၁ ရက် ည ၁၁ နာရီကျော်လောက်မှာ အမည်မဖော်လိုသူတွေရဲ့ သတင်းပေးချက်အရ ထိုင်းနယ်စပ်လုံခြုံရေးတာဝန် ဆောင်ရွက်နေစဥ် ကားနှစ်စီးကို မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးစစ်ဆေးရာကနေ တွေ့ရှိခဲ့တာပါ။
အဆိုပါကားကို စစ်ဆေးရာ မြန်မာနိုင်ငံသား သက်လတ်ပိုင်း အမျိုးသား ၁၅ ဦး၊ အမျိုးသမီး လူငယ်ပိုင်း ၉ ဦးနဲ့ ကလေးငယ် ၃ ဦးတို့ကို တွေ့ရှိပြီး စစ်ဆေးရာ မြန်မာ-ထိုင်းနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်ပြီး ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ ပွဲစားကတဆင့် လာရောက်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါ ဖမ်းဆီးခံရသူ တရားမဝင် မြန်မာနိုင်ငံသား ၂၇ ဦးနဲ့အတူ ယာဥ်မောင်း ထိုင်းအမျိုးသား ၂ ဦးတို့ကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နယ်မြေရဲစခန်းကို ပို့ဆောင်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆၊ ၂၇ နဲ့ ၂၈ ရက်တွေမှာလည်း ဖတ်တလုန်း၊ ကန်ချနာဘူရီ၊ ချင်းမိုင်တို့မှာ တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပြီး ရက်သတ္တပတ် ၁ ပတ်အတွင်း မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
source - Maesai Press