
ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ ဧပြီ ၃၀ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၃ ဦး ထပ်မံဖမ်းဆီးခံရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ဒေသခံတွေက သတင်းပေးတဲ့အတွက် စစ်တပ်၊ ရဲ၊ ကျေးရွာလုံခြုံရေးအရံတပ်ဖွဲ့၊ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဘက်က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်တလျှောက်မှာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဧပြီ ၃၀ ရက်မှာတော့ သတင်းရထားတဲ့နယ်မြေထဲ တောအုပ်ထဲမှာ နယ်စပ်က ဝင်ရောက်လာတဲ့ တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၅၃ ဦးတို့ကို လမ်းပြပွဲစားနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ဖမ်းမိ တဲ့နေရာနဲ့ အချိန်အတိကျကိုတော့ သတင်းထဲမှာ ဖော်ပြထားခြင်းမရှိပါဘူး။
စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသက လာပြီး စမွတ်စခွန်း၊ လယောင်း၊ ကန်ကျနပူရီ နဲ့ ဘန်ကောက်တွေမှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး ပွဲစားကို ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ထိပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း တရားမဝင် ဝင်လာတဲ့ မြန်မာ ၄၂ ဦး လမ်းပြ ၁ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါသေးတယ်။