Home
မြန်မာသတင်း
ရေစကြိုနှင့်မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရပြီး ၄ ဦး သေဆုံး
DVB
·
May 1, 2023

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဧပြီ ၃၀ ရက် မနက်နဲ့ မွန်းလွဲပိုင်းတွေမှာ စစ်ကောင်စီ တပ်သားတွေ ၂ နေရာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ တယ်လို့ ရေစကြိုမြို့နယ် ပကဖက သိရပါတယ်။

ကံသစ်ရွာနားမှာ မနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်က တပ်ထဲက ထွက်လာတဲ့ ကား ၃ စီးကို ပေပါမိုင်း ၁ လုံး၊ မိုင်းအသေး ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်ဝေကြီးက “နောက်ထပ် ရေစကြိုမြို့အဝင် ဘက်စုံခြံနားလေးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ။ အဲဒါကတော့ နေ့လယ် ၂ နာရီလောက်မှာပါ၊  ကား ၂ စီးပေါ့။ အဲဒီမှာတော့ ၃ ယောက်ထက် မနည်း ဒဏ်ရာရတယ်။ သေတာတော့ မရှိဘူး”လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို မြို့နယ် ပကဖကနေသိရပါတယ်။

မြိုင်မြို့နယ်၊ ဖလံကိုင်းရေနံမြေမှာလည်း ဧပြီ ၂၉ ရက် မနက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီး ၂ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖက သိရပါတယ်။

ဖလံကိုင်းရေနံမြေမှာ ဧပြီ ၂၉ ရက် မနက် ၆ နာရီ ၅ မိနစ်လောက်မှာ ရေနံမှော်တွေကို စစ်ကြောင်းထိုးပြီး ပြန်ဝင်လာတဲ့ စစ်ကြောင်းကို  လက်နက်ငယ်နဲ့ ပစ်ခတ်ကာ ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး ၆၀ လောက်ချပြီး မိုင်းဆွဲခဲ့တယ်လို့ မြိုင်ပကဖတပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီး ၂ ယောက်သေဆုံးကာ တယောက်ကို ကုတင်ပေါ်တင်ပြီး အလောင်းကို မီးရှို့သွားတယ်။ နောက်တယောက်ကတော့ မီးမရှို့ဘဲထားခဲ့တာ။ ၂ လောင်းလုံး ကျနော်တို့ ကိုယ်တိုင် သင်္ဂြိုဟ်ခဲ့ရတာ။”

အဲဒီစစ်ကြောင်းက ပြည်သူ ၂ ယောက်ကို ဖမ်းဆီးခံခဲ့ရကာ ပြန်လည်လွတ်မြောက်လာတော့ စစ်ကောင်စီတပ်က ၅ ယောက်ကတော့ ပေါင်တွေ၊ ဂျိုင်းတွေ၊ ရင်ဘတ်တွေ ဒဏ်ရာရရှိခဲ့ကြောင်း ပြောပြတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာလည်း ဧပြီ ၂၅ ရက်ညပိုင်းမှာ ပျူစောထီးစခန်းတခု တိုက်ခိုက်ခံရပြီး ၁၃ ယောက် သေဆုံးပြီး PDF ရဲဘော် တယောက်ကျဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024