Home
မြန်မာသတင်း
ဆားလင်းကြီးဒေသ၌ စစ်တပ်ကပြည်သူ ၄ ဦးကို ပစ်သတ်၊ အင်းတော် အောင်ကုန်းရွာကို မီးရှို့
DVB
·
April 25, 2023

စစ်ကိုင်းတိုင်း၊ မုံရွာဘက်ကမ်းဘက်ကနေ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်က ချင်းတွင်းမြစ်ကို ဖြတ်ကျော်ကာ ဆားလင်းကြီးဒေသက ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူလေးယောက်ကို  ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဧပြီ ၂၅ ရက် မနက် ၅ နာရီလောက်က စတင်ကာ မုံရွာဘက်ခြမ်းက စစ်ကောင်စီတပ်တွေ ပြည်သူပိုင်စက်လှေ ၄ စီးကို အတင်းအဓမ္မယူဆောင်ကာ ချင်းတွင်းမြစ်ကို ဖြတ်ကျော်ခဲ့ပြီး ညောင်ပင်ကြီးရဲစခန်းကို ရောက်ရှိလာခဲ့ပါတယ်။

ညောင်ပင်ကြီးရဲစခန်းကနေ မနက် ၇ နာရီမှာ ပြန်လည်ထွက်ခွာလာခဲ့ပြီး ဆားလင်းကြီးမြို့နယ်၊ ရွေလှေကျေးရွာ တောင်ဘက် ညောင်ပင်ကြီး-ဆားလင်းကြီး တံတားနားမှာ ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့ကာ မုံရွာမြို့ပေါ်က ခေါ်ဆောင်လာတဲ့ ဓားစာခံ လူငယ် ၃ ဦးထဲက နှစ်ဦးကိုတော့ ဆားလင်းကြီးမြို့ မန်ကျည်းကန်ကျေးရွာထန်းတောမှာ ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ NRG (Salingyi) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သူရိန်က ပြောပါတယ်။

“ရွှေလှေဘက်က ညောင်ပင်ကြီးတံတားနားမှာ ၂ ဦး၊ အဲ့နှစ်ဦးက မြိုင်နယ်ဘက်ကလို့ သိရတယ်။ မန်ကျည်းကန်ထန်းတောမှာ ၂ ဦးပါ။ တော်တော်လူမဆန်တဲ့ လုပ်ရပ်တွေပါ။ ကျနော်တို့က ဒီဘက်နယ်ထဲကို စဝင်လာကတည်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။ ဒီကောင်တွေဘက်က ခြေတလှမ်းတိုးတာနဲ့ ကျနော်တို့လည်း စတိုက်ပါပြီ။”

သေဆုံးသွားသူ ၂ ဦးဟာ မြိုင်မြို့နယ်ကနေ မုံရွာကညနရုံးကို လိုင်စင်သက်တမ်းတိုး လာရောက်လုပ်ကိုင်သူတွေ လို့ ဒေသခံတွေက ဆိုပါတယ်။

ဆားလင်းကြီးဒေသခံ တဦးက “စစ်ကောင်စီကတော့ ညောင်ပင်ကြီးရဲစခန်းကနေ မနက်ခင်း ၈ နာရီခွဲလောက်က ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းအတိုင်း စစ်ကြောင်းထိုးလာတယ်။ သူတို့ လာတဲ့ လမ်းကြောင်းနဲ့ တည့်တည့်တိုးပြီး အခုလို ပစ်ခတ်သတ်ဖြတ်ခံရတာပါ။ တဦးကတော့ နဖူးကျည်ရှပ်ထိပြီး ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ အခုတော့ ဆေးကုသပေးနေတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ကျေးရွာတွေဆီ ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ် နေတာကြောင့် လယ်တီရွာ၊ တုံရွာ၊ ရွှေလှေရွာ စတဲ့ အနီးတဝိုက်က ရွာသားတွေ နေရပ်စွန့်ခွာ နေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ ဆားလင်းကြီးမြို့ မြောက်ဘက်ခြမ်း ရေခါးရွာကို ရောက်ရှိနေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာတွေထဲကို ရမ်းသန်းပစ်ခတ်နေတာ ဖြစ်ပါတယ်။

National Revonary Guards (Salingyi) အဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်က ဆားလင်းကြီးမြို့မရဲစခန်းကို လက်နက်ကြီးတွေနဲ့ နှစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲကတော့  အောင်ကုန်းရွာကို စစ်တပ်က ဧပြီ ၂၃ ရက်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ အမျိုးသား တဦးက "စစ်တပ်အင်အား ၁၀၀ နီးပါး ရွာကို ဝင်တယ်။  နေအိမ်တွေကို မီးပတ်ရှို့တယ်။  ၁၀ လုံးလောက် မီးလောင်ပြာကျသွားတယ်။  "လို့ ဆိုပါတယ်။

အင်းတော်မြို့နယ် နံသာရွာနားမှာ ဧပြီ ၆ ရက်က KIA /PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီနောက် နံသာကျေးရွာမှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့အတွက် နံသာကျေးရွာအပါအဝင် အောင်ကုန်းကျေးရွာ၊ အင်ပင်ကျေးရွာ၊ မော်တိတ်ကျေးရွာနဲ့ ရွာသာယာ ကျေးရွာနေသူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024