Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်တွင် ရွာပေါင်း ၁၀၀ ကျော် သောက်သုံးရေအခက်အခဲကြုံနေ
DVB
·
April 20, 2023

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်ထဲမှာ မိုးခေါင်ရေရှားပြီး ရွာပေါင်း ၁၀၀ ကျော် သောက်သုံးရေအခက်အခဲ ကြုံနေရပါတယ်။

အဆိုပါကျေးရွာတွေဟာ နောင်ကျော၊ လွယ်ပွတ်၊ ပင်စုံ၊ ပါလောပါကယ်၊ နားခိုက် စတဲ့ကျေးရွာအုပ်စုထဲမှာရှိပြီး ဒီနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်လောက်ကစ ရေရှားပါးမှု ပြဿနာနဲ့ ကြုံနေရတာလို့ ဆီဆိုင် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ခွန်ကျော်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီကျေးရွာအုပ်စုတွေမှာ ရွာပေါင်း ၅၀ ရှိရင် ရေရှိတဲ့ရွာက ၂ ရွာ ၃ ရွာပဲ။ အဓိကက မိုးမရွာတာပေါ့နော်၊ ရာသီဥတုပူတော့ စိမ့်ရေစမ်းရေတွေ ခန်းခြောက်ကုန်တယ်။ ခါတိုင်းနှစ်လည်း နွေရာသီဆို ရေရှားပါတယ်။ ဒီနှစ်ကျမှ ပိုဆိုးနေတယ်။ ရေဝယ်ပြီး မျှသုံးနေရတယ်။ ရေက ၇ ပေပါပုံးဆံ့တဲ့ ရေစည် ၁ စည်ကို ၂,၀၀၀ ကျော် ပေးဝယ်ရတယ်။ ရေကို လုံလုံလောက်လောက် မချိုးရတော့ ဝဲတွေ၊ ယားနာတွေ၊ အပူဖုတွေ ပေါက်ကြတယ်။”

မြို့နယ်ကျေးလက်ဦးစီးဌာနက ရေတွေလိုက်ဝေပေးပေမဲ့ သူတို့ဆီမှာလည်း ကား ၁ စီးပဲ ရှိတာကြောင့် လုံးဝမလောက်ငကြောင်း၊ အဆိုပါကျေးရွာတွေမှာ ပွန်ချောင်းနဲ့ နမ့်တဘက်ချောင်း စတဲ့ ရေအရင်းအမြစ်တွေရှိပေမဲ့ ရွာနဲ့လွန်စွာဝေးသလို တောင်ပေါ်ကို သယ်ယူရမလွယ်ကူကြောင်း၊ အဝီစိတွင်းတူးသော်လည်း တောင်ပေါ်ရွာဖြစ်တာကြောင့် အနက် ပေ ၄၀၀ - ၅၀၀ ထိတူးတောင် ရေမထွက်ဘူးလို့ ပြောပါတယ်။

အဆိုပါကျေးရွာတွေဟာ ရှမ်း-ကယားနယ်စပ်နဲ့နီးပြီး ကယားပြည်နယ်ဘက်က ထောင်နဲ့ချီတဲ့ စစ်‌ဘေးရှောင်ပြည်သူတွေကိုလည်း လက်ခံထားရကြောင်း၊ ဒါကြောင့် ရေအလှူရှင်တွေ လိုအပ်နေတယ်လို့ ခွန်ကျော်ဆွေက ဆက်ပြောပါတယ်။

“အလှူငွေရရင်တော့ ရေစည်ကားဝယ်ပြီး ရွာထဲလိုက်ဝေပေးတာပေါ့။ ဖြစ်နိုင်ရင်တော့ ရွာတိုင်းမှာ ရေလှောင်အုတ်ကန်တွေ ဆောက်ပေးချင်တယ်။ မိုးရေတွေ သိုလှောင်ထားလို့ ရတယ်။ အခုက အိမ်အတော်များများမှာ ရေပုံးလေးတွေပဲရှိတယ်။ ရေအများကြီး လှောင်စရာနေရာမရှိဘူး။ လှောင်ကန်က ၁ ကန်ကို ကျပ် ၃ - ၄ သိန်းလောက်နဲ့ လုပ်လို့ရပါတယ်။ ရေအရင်းအမြစ် သုတေသနတွေ လာလုပ်ပြီး ခုနကပြောတဲ့ နမ့်တဘက် ချောင်းနဲ့ ပွန်ချောင်းကရေတွေ တောင်ပေါ်ကို သွယ်တန်းပေးနိုင်ရင် ပိုကောင်းမယ်။”

ရေလှူချင်သူတွေအနေနဲ့ ဆီဆိုင်ဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ၀၉ ၇၈၆၁၅၅၉၉၈ (ခွန်ကျော်ဆေွ) ကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။

နောင်ကျောကျေးရွာအုပ်စုထဲမှာ ၁၈ ရက်နေ့ မနက်စောစောက မိုးသက်လေပြင်းကျခဲ့ပေမဲ့ မိုးရေမရဘဲ အိမ်ခြေပေါင်း ၂၀ နဲ့ စစ်ဘေးရှောင်တဲ ၁၇ ခုသာ အမိုးအကာတွေလန်ထွက်ပြီး ပျက်စီးခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024