
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၁၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၄၂၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၅၁၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၆၁၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၀ ယောက်ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၈၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက် နေ့လယ် ၃ နာရီကျော်လောက်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ဟာခွီရှိန်းနဲ့ အသက် ၇၀ အရွယ် ဟာရောင်းတို့ ၂ ယောက် ကျည်စထိမှန်ကာ နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ယောက်ထဲက အသက် ၁၇ နှစ်အရွယ် ထန်းမြူးမံကတော့ အဲဒီနေ့ ညပိုင်းမှာ ထပ်မံသေဆုံးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် ဧပြီ ၁၂ ရက်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အလူးလေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းကာ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မီးရှို့နေချိန် ဖြတ်သန်းသွားလာနေတဲ့ ဆိုင်ကယ် ၆ စီးကို အဓမ္မသိမ်းယူခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက် ၅၅ နှစ်အရွယ် အလူးကြီးကျေးရွာသား အမျိုးသား ၁ ယောက်ကို ဆိုင်ကယ်နဲ့အတူ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။