
မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက်၊ အောင်သပြေကွက်သစ်၊ ၁ လမ်းက နေအိမ်မှာ ဧပြီ ၃ ရက် ည ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး နေအိမ်အတွင်းက လူနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နေအိမ်အတွင်း မီးဖိုဆောင်မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့ပြီး ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ်တို့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“လက်လုပ်ဗုံးလုပ်ရင်း မတော်တဆဖြစ်လို့ သားအဖနှစ်ယောက် သေတယ် ကြားတယ်၊ အဲဒါဖြစ်ပြီး ရဲတွေ လာစစ်ဆေးတယ်။ စစ်ဆေးမှုလုပ် ဓာတ်ပုံရိုက်ပြီး အလောင်းတွေကို ပခုက္ကူဆေးရုံက ရင်ခွဲရုံကိုပို့ လိုက်ကြတယ်၊ မိသားစုဝင်နှစ်ဦးကိုလည်း ဖမ်းသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး သေဆုံးတဲ့ သားအဖနှစ်ဦးက ကွမ်းယာရောင်းသူတွေဖြစ်ပြီး စစ်ကောင်စီတပ်က ရဲတွေ လာရောက်စစ်ဆေးပြီးနောက် ကျန်တဲ့ မိသားစုဝင်နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့ နေအိမ်မှာ လက်လုပ်ဗုံးပြုလုပ်ရာမှာ အသုံးပြုတဲ့ ဘောစိနဲ့ ပစ္စည်းကိရိယာတွေ တွေ့တယ်လို့ စစ်ကောင်စီတပ် လော်ဘီတွေက သတင်းတင်ထားပါတယ်။