Home
မြန်မာသတင်း
စစ်ကောင်စီနှင့် အပစ်ရပ် ၇ ဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
lusane
·
March 28, 2023

စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ဟာ ဒီနေ့ မတ် ၂၈ ရက်နေ့က နေပြည်တော်မှာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ အပစ်ရပ် ၇ ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲကို အပစ်ရပ် ၇ ဖွဲ့က  အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စဝ်စိုင်းငင်း(RCSS)၊ ဒုတိယခေါင်းဆောင်တွေဖြစ်တဲ့ စောမြရာဇာလင်း (ALP)၊ နိုင်အောင်မငေး (NMSP) အပါအဝင် အဖွဲ့ဝင် ၅ ဦးနဲ့ အထောက်အကူပြု ကိုယ်စားလှယ် ၅ ဦး၊ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၇ ဦးအဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့တာပါ။

တွေ့ဆုံပွဲမှာ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေး ညှိနှိုင်းရေးအဖွဲ့က သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ ဖက်ဒရယ်အခြေခံမူတွေ စတဲ့ အကြောင်းအရာတွေ တင်ပြဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်ကတော့ ဒီတွေ့ဆုံမှုဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကနဦး ကြိုးပမ်းမှု ဖြစ်ပြီး ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့ လုပ်ဆောင်တာလို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီနဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ဟာ ဒုတိယနေ့အဖြစ် လာမယ့် မတ် ၂၉ ရက်နေ့မှာ ထပ်မံဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ အလွတ်သဘောဆွေးနွေးမယ့် အပစ်ရပ် EAOs ၇ ဖွဲ့ထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်ပါတယ်။

ဒီအပစ်ရပ် ၇ ဖွဲ့ဟာ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၃ ကြိမ်တိုင် တက်ရောက် ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ တကြိမ်မှ ဖြစ်ပွားထားခြင်း မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024