
စစ်ကောင်စီဘက်က စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မံဝိန်းရွာ၊ ငှက်တံတားရွာ၊ စီမူကြီး၊ စီမူလေးရွာနဲ့ နီးစပ်ရာ ကျေးရွာတချို့က ဒေသခံ ၁,၀၀၀ လောက် စစ်ဘေးရှောင်နေကြရတယ်လို့ စစ်ရှောင်ပြည်သူတွေနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရွှေကူမြို့နယ်မှာ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ-၇၇ နဲ့ ၁၀ တို့ မတ်လ ၂၃ ရက်ကစပြီး ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မတ်လ ၂၅ ရက်နေ့မှာ စီသောင်၊ မံဝိန်းနဲ့ စီမူလေးကျေးရွာတွေကို စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲမှုကြောင့် မံဝိန်းရွာက လူထုခန်းမ ထိခိုက်ခဲ့ပြီး စီသောင်းရွာက လူနေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ကာ ရွာသားတွေရဲ့ နွားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအပြင် တိုက်ပွဲဖြစ်နေတဲ့ ရွှေကူမြို့နယ်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာ သုံးရက်ထက်မနည်း ရှိနေပါပြီ။
“ဖုန်းလိုင်းပြတ်နေတာ သုံးလေးရက်ရှိပြီ။ လိုင်းမပေါ်တော့တာ။ စစ်ကြောင်းစထိုးတဲ့ နေ့တည်းကပဲ လိုင်းက တချက်တချက်ပဲပေါ်တာ၊ Atom နဲ့ Mytel ဆို လုံးဝဖြတ်ထားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ရေးအခြေအနေ တင်းမာနေတဲ့ ရွှေကူမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု မရှိစေဖို့ ပြည်သူတွေအနေနဲ့ ခရီးသွားလာမယ်ဆိုရင် လမ်းကြောင်းအခြေအနေကို သတင်းစုံစမ်းပြီးမှ ခရီးသွားလာကြဖို့ ရွှေကူ KPDF တပ်ရင်းက မတ်လ ၂၇ ရက် နေ့စွဲနဲ့ သတိပေး ထုတ်ပြန်ထားပါတယ်။