Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပြုသဘောဆွေးနွေးမှုများ လုပ်နေဟု NUG ယာယီသမ္မတ ပြော
lusane
·
March 21, 2023

အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် တခုတည်းသောနည်းလမ်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်တွေရဲ့ စုပေါင်းအားနဲ့ တိုက်ထုတ်ဖို့သာဖြစ်တာမို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေ တယ်လို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲကို အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်ပါစေလို့ သုံးသပ်ကြောင်းနဲ့ NUG အစိုးရကတော့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ လုပ်ရပ်မျိုး ဘယ်သောအခါမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

“ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဟာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းမျိုးစုံနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံရဲ့အကျိုးစီးပွား တိုးတက်ရာတိုးတက်ကြောင်းနဲ့ မင်းအောင်လှိုင် အပါအ၀င် အကြမ်းဖက်စစ် အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို နိုင်ငံတကာစာမျက်နှာမှာ ချပြနိုင်ဖို့အတွက် အစွမ်းကုန် ဆောင်ရွက်နေကြတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ကုလသမဂ္ဂမှာ လုပ်ခဲ့တဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲ မတိုင်ခင်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီကို ခုံရုံးတင် အရေးယူနိုင်ဖို့အတွက် မြန်မာအမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းနိုင်ခဲ့တာကို အားရဖွယ်ရာတွေ့ရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့၀င် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ၀င်းမြတ်အေးက ဘာရိန်းနိုင်ငံ မနားမားမှာ ကျင်းပခဲ့တဲ့ ဂျနီဗာအခြေစိုက် နိုင်ငံတကာ လွှတ်တော်အမတ်များသမဂ္ဂ ညီလာခံမှာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အပြစ်မဲ့အရပ်သားတွေ ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်နေတဲ့ အကြောင်းကို တင်ပြနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီလို ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မ၀ေးတော့တဲ့ အနာဂတ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ် ပေးမှုတွေကို လုပ်ဆောင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ တဖက်မှာလည်း အကြမ်းဖက် ဖက်စစ် စစ်တပ်က မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်များဆင်နွှဲပြီး အကြမ်းဖက် မှုတွေကို အဆက်မပြတ် လုပ်ဆောင်နေတာတွေကြောင့် အသက်၊ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေပြီး ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေကို လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးစားလျက် ရှိပါတယ်။”

လတ်တလောမှာတော့ အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချဖို့အတွက် အားလုံးကြားမှာ အခုထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်ရမယ့် အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် မြန်မာ့အရေးအတွက် တရုတ်နိုင်ငံရဲ့ကြား၀င်လုပ်ဆောင်ပေးမှုကိုလည်း အသိအမှတ်ပြုကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ လုပ်ဆောင်မှုတွေ၊ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ပိုမို ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

“အခုဆိုရင် နေပြည်တော်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေဟာ ရှမ်းပြည်နယ်နဲ့၊ ကရင်နီပြည် နယ်မှာ ပူးပေါင်းစစ်ဆင်ရေးတွေကို ဆင်နွှဲနေကြပါတယ်။ ဒီလိုပူပေါင်းစစ်ဆင်ရေးတွေကတဆင့် ကျနော်တို့ရဲ့ အောင်ပွဲဟာ လက်တကမ်းကို ရောက်လာမှာ မလွဲပါဘူး ခင်ဗျာ။ ဒီလိုအောင်ပွဲကို မရောက်အောင် တားမြစ်နေတဲ့ အခြေအနေတွေကို စစ်ကောင်စီက တစိုက်မတ်မတ် ဖန်တီးနေတာ တွေလည်းရှိနေပါတယ်။ ကရင်နီဒေသမှာဆိုရင် စစ်အုပ်စုက ကရင်နီနဲ့ ပအိုဝ်းလူထုအကြား သွေးခွဲ ပြီး လူမျိုးအချင်းချင်းကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်လာအောင် ဖန်တီးနေတာကို တွေ့ရပါတယ်။ ဒီလို အခြအနေတွေကို ကျနော်တို့ အားလုံး သတိကြီးကြီးထားပြီး တော်လှန်ရေးရည်မှန်းချက် ရောက်အောင် ခရီးဆက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024