
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ မတ် ၁၈ ရက်နေ့မနက်က စစ်မှုထမ်းဟောင်း ၁ ယောက်နဲ့ ပျူစောထီး ၂ ယောက် ပစ်ခတ်တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖ က ပြောပါတယ်။
ရေစကြိုမြို့နယ် ခလရ ၂၅၆ တပ်ရင်းနားမှာ ကင်းချထားတဲ့ စစ်မှုထမ်းဟောင်း ကျောက်ခဲဆိုသူနဲ့ ပျူစောထီး ၂ ယောက်ကို ရေစကြိုပကဖက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ရေစကြိုပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်မှုထမ်းဟောင်း ကျောက်ခဲဆိုသူ သေဆုံးခဲ့ပြီး ပျူစောထီး ၂ ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
သူတို့ဆီကနေ ကာဘိုင်သေနတ် ၁ လက်၊ Short Gun တလက်၊ ကာဘိုင်ကျည်ဘောက် ၂ခု၊ ကျည်ဆန် ၁၀၁ တောင့်၊ Short Gun ကျည် ၁၄ တောင့်နဲ့ ကပ်သီးတခု သိမ်းဆည်းရရှိခဲ့ပြီး ပကဖတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်ပွန်းပဲ့ ဒဏ်ရာလောက်သာရရှိခဲ့တယ်လို့ ရဲဘော်ဝေကြီးကပြောပါတယ်။
ရေစကြိုမြို့နယ်မှာ မတ် ၁၅ ရက်နေ့ညနေကလည်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း ထီးလင်းမြို့နယ်မှာ မတ် ၁၇ ရက် ညနေက မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း (၁၅၊ ၁၆၊ ၁၇) YRA-ထီးလင်းကနေ သိရပါတယ်။
ထီးလင်းမြို့နယ် ဆေးမင်းတောရွာမြောက်ဘက် အင်နားလမ်းခွဲမှာ မနေ့ညနေ ၄ နာရီလောက်မှာ ကားတန်းရှေ့ပြေးပွိုင့်မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်သားတွေကို အသင့်ပြင်ထားတဲ့ မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ YRA ရဲ့ ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။
“စစ်ကောင်စီတပ်သားတွေ လာတုန်းကတော့ အင်အား ၃၀ လောက်လာတာဗျ။ မိုင်းလာရှင်းတာတော့ ၇ ယောက်လောက်ရှိမယ်။ မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ယောက်ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်။”
ထီးလင်းမြို့နယ်မှာ မတ် ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာလည်း စစ်ကောင်စီစစ်ကြောင်း ၅ ကြိမ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း(၁၅၊၁၆၊၁၇)-YRA ထီးလင်းကနေ သိရပါတယ်။
ယောဒေသအတွင်းမှာ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်လို့ ဒေသခံပြည်သူတွေအနေနဲ့ သိထားနေထိုင်ကြဖို့နဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ သတိပေးထားပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။