စက်သုံးဆီဆိုင်များတွင် ရောင်းချရန် ဆီပြတ်လပ်ပါက အရေးယူမည်

မြန်မာပြည်တွင်းက စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ တစ်ဦးချင်းလာရောက် ဝယ်ယူသူတွေအတွက် ဆိုင်မှာ ရောင်းဖို့မရှိဘဲ ပြတ်လပ်မှုရှိခဲ့ရင် အရေးယူခံရမယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)က အသိပေးထားပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေကို တစ်ဦးချင်းလာရောက်ဝယ်ယူသူတွေအတွက် ရောင်းချပေး ဖို့ရည်ရွယ်ချက်နဲ့ခွင့်ပြုပေးထားတာဖြစ်ပြီး လက်ကားပို့ဆောင်ရောင်းချတာတွေရပ်ဆိုင်းဖို့ လိုတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေကို အသိပေးထားတာဖြစ်ပါတယ်။
မတ်လ ၁၀ ရက်ကပြုလုပ်တဲ့ စက်သုံးဆီအရောင်းဆိုင်တွေအတွက် Normal PO ဝေပေးခြင်းဆိုင်ရာ လုပ်ငန်းညှိနိူင်းအစည်းအဝေးမှာ စစ်ဆေးရေးအရာရှိချုပ်က အဲဒီလို ညွှန်ကြား ထားတာဖြစ်တယ်လို့ စာမှာ ဖော်ပြထားပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေ အနေနဲ့ လက်ကားအရောက်ရောင်းချနေတာကြောင့် ဆီပြတ်လပ်ရတာဖြစ်ပြီး လက်လီမရောင်းနိုင်ဘဲ ဆီပြတ်လပ်ရင်အရေးယူမယ်ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။
စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ထားသူတချို့ကတော့ စက်သုံးဆီပြတ်လပ်ရတာဟာ လက်ကားပို့ ဆောင်ရောင်းချတာထက် ဆီတင်သွင်းတဲ့ကုမ္ပဏီတွေက ခွဲတန်းအပြည့်မပေးဘဲ ရောင်းပေးနေတာကြောင့်လို့ ဆိုပါတယ်။
အလတ်စားစက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက "ကုမ္ပဏီတွေကဆီကို ထိန်းရောင်းပေးနောတွေ တဆင့်ခံဆိုင်တွေအနေနဲ့ ရောင်းရတာအလျင်မမီဘူး။ လက်ကားပြန်ရောင်းတယ်ဆိုတာကလည်း တချို့တလေလောက်ပဲ လုပ်တာ။ အကုန်လုပ်နေတာမဟုတ်ဘူး"လို့ပြောပါတယ်။
ပြည်ပကတင်သွင်းတဲ့စက်သုံးဆီတွေကို ကန့်သတ် စိစစ်မယ်ဆိုပြီး ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဖော်ပြောလိုက်ပြီးတဲ့နောက်မှာ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေက တဆင့်ခံဝယ်ယူတဲ့ အသေးစား၊ အလတ်စား စက်သုံးဆီဆိုင် တွေကို ခွဲတမ်းရောင်းချပေးမှုတွေ လျှော့လာတာကြုံနေရတယ်လို့ ဆီလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီက စက်သုံးဆီတင်သွင်းခွင့်ပမာဏကို စိစစ်လျှော့ချလာရင် စျေးကွက်အတွင်းဆီပြတ်လပ်နိုင်တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ခန့်မှန်းထားပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့ရေနံစိမ်းစျေးဟာ ကျဆင်းနေတာကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းဟာလည်း ပြန်လည်ကျဆင်းလာပါတယ်။
ဒီနေ့မှာ ရန်ကုန်မြို့ကစက်သုံးဆီဆိုင်တွေက အောက်တိန်း-92တစ်လီတာကို ကျပ် ၂၀၁၀ ၊ အောက်တိန်း-95 တစ်လီတာကို ကျပ် ၂၀၉၅ ၊ ဒီဇယ်တစ်လီတာကို ကျပ် ၂၀၂၀ နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ကျပ် ၂၁၀၀ ကျပ်နဲ့ရောင်းချနေရာ သုံးရက်အတွင်းစက်သုံးဆီ အမျိုးအစား တစ်ခုချင်းအလိုက် တစ်လီတာကို ၂၀၀ ကျပ်နီးပါးကျဆင်းခဲ့တယ်လို့ စျေးကွက်စာရင်းတွေအရ သိရပါတယ်။