
အခုနှစ်သင်္ကြန် ကာလရှည်ရုံးပိတ်ရက်မှာ နေရပ်ပြန်ကြမယ့်သူတွေအနေနဲ့ အဝေးပြေးကားလက်မှတ်ဝယ်ရာမှာ အခက်အခဲ ဖြစ်နေတယ်လို့ နေရပ်ပြန်ဖို့ပြင်ဆင်နေကြတဲ့ ခရီးသည်တချို့က ပြောပါတယ်။
နီးစပ်ရာ အရောင်းဌာနခွဲတွေမှာ ကားလက်မှတ်ကို အလွယ်တကူ ဝယ်မရဘဲ သတ်မှတ်တဲ့ နေရာသို့ ဦးသူစနစ်နဲ့ ကန့်သတ်အရေအတွက်အတိုင်း သွားရောက်ဝယ်ယူရမှာဖြစ်တဲ့အတွက် အခက်အခဲဖြစ်နေရတယ်လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။
“ဒီလို ရုံးပိတ်ရက်တွေဆိုရင် ကားလက်မှတ်တွေက ဘယ်နေရာ မေးမေး ဝယ်မရဘူး။ ကားဂိတ်ကို မေးတော့လည်း ဘယ်ရက်ရောင်းမလဲဆိုတာ မသိရသေးဘူးလို့ ပြောကြတယ်။ ပုံမှန်ရက်တွေမှာ ဆို နီးစပ်ရာအရောင်းကိုယ်စားလှယ်တွေဆီက ဖြစ်ဖြစ်၊ Online က ဖြစ်ဖြစ် ဝယ်လို့ရတယ်။ အခုလို ပိတ်ရက်ရှည်မျိုးကျ အရောင်းခွဲတွေဆီမှာ ဝယ်လို့မရဘဲ ကားဂိတ်ကို လူကိုယ်တိုင် လာဝယ်မှရမယ်ဆိုတော့ အချိန်အားဖြင့်လည်း အတော်လေးကို အခက်အခဲဖြစ်ရတာပေါ့၊ YBS စီးတဲ့အခါမှာလည်း ခါးပိုက်နှိုက်တွေများတာကြောင့် အဆင်မပြေဖြစ်ရတယ်။”
တချို့ယာဉ်လိုင်းတွေအနေနဲ့ သင်္ကြန်ကာလ ရုံးပိတ်ရက် ၇၊ ၈၊ ၉ ရက်တွေမှာ ရောင်းချမယ့် ရက် ကို ကြိုတင်ကြေညာထားတာတွေလည်းရှိပြီး ရောင်းချမယ့် စျေးနှုန်းကို ဖော်ပြထားခြင်း မရှိပါဘူး။
လက်မှတ်ဝယ်ယူတဲ့အခါမှာလည်း မှတ်ပုံတင်မူရင်းပြပြီးမှ ဝယ်ယူနိုင်မယ်လို့ ကြေညာထား ပါတယ်။
ရုံးပိတ်ရက်ရှည် မဟုတ်တဲ့ ပုံမှန်နေမျိုးတွေဆိုရင် ရက်ပေါင်း ၄၅ ရက်အထိ ခုံအကန့်အသတ်မရှိ ကားလက်မှာအရောင်းကိုယ်စားလှယ်တွေအနေနဲ့ ရောင်းချခွင့်ရှိပေမယ့် ဒီလိုကာလတွေမှာတော့ ဂိတ်ရင်းတွေက အရောင်းကိုယ်စားတွေကို ရောင်းချခွင့်မပေးတာ အစဉ်အလာလို ဖြစ်နေတာလို့ ရန်ကုန်မြို့ရှိ ကားလက်မှတ်အရောင်းကိုယ်စားလှယ်တဦးက ပြောပါတယ်။
“အခါကြီးရက်ကြီးပိတ်ရက်တွေမှာ ယာဉ်လိုင်းတွေအနေနဲ့ လုပ်ငန်းပါတနာတွေကို ရောင်းချခွင့် မပေးတာကတော့ အရောင်းကိုယ်စားလှယ်တွေအပေါ်ကို မလေးစားတဲ့ သဘောပါပဲ။ ဘာလို့ပေးမရောင်းလဲဆိုတာ စဉ်းစားလို့ မရဘူး။ အမှန်တော့ အဲဒီလို မဖြစ်သင့်ဘူး။ ပြီးတော့ အရောင်းကိုယ်စားလှယ်တွေဆီမှာလည်း ဝယ်နေကျ ခရီးသည်တွေလည်း ရှိတယ်လေ။ ကိုယ့်ဆီဝယ်နေကျခရီးသည် တွေလာမေးရင် ဂိတ်မှာ သွားဝယ် ရမယ်လို့ ပြောနေရတာ အဆင်မပြေဘူး”
ပြီးခဲ့တဲ့နှစ်တွေက သီတင်းကျွတ်ပိတ်ရက်၊ သင်္ကြန်ပိတ်ရက်စတဲ့ ရုံးပိတ်ရက်ရှည်တွေမှာ ခရီးသွားသူ များပြားတာကြောင့် အောင်မင်္ဂလာအဝေးပြေးတွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ် ခဲ့တာတွေလည်း ရှိပါတယ်။
လက်ရှိတွင် ၂၀၂၃ ခုနှစ် မတ် ၇ ရက်အထိ ရန်ကုန်မှ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်း ၂၁၆ လိုင်း၊ ယာဉ်စီးရေ ၆၈၄ စီး ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်ထားပါတယ်။