
ပဲခူးတိုင်း(အနောက်ခြမ်း) ပြည်မြို့မှာ မတ် ၉ ရက် ဒီမနက်က ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကာ နေအိမ် ၄ လုံးနဲ့ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ နယ်ခံ ပရဟိတအသင်းကနေ သိရပါတယ်။
ခေတ္တရာမြို့သစ်ရပ်ကွက်၊ မြို့ပတ် ၁၀ လမ်းက နေအိမ်တလုံးမှာ ထမင်းဟင်းချက်နေစဉ် ဝါယာရှော့ဖြစ်ပွားရာက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဂက်စ်အိုးတွေ ပေါက်ကွဲခဲ့တာကြောင့် မိနစ် ၂၀ ခန့်အတွင်းမှာပဲ ဆုံးရှုံးပျက်စီးမှု များခဲ့တာလို့ မြို့ခံတွေဆီက သိရပါတယ်။
“ထမင်းဟင်းချက်နေရာကနေ ရှော့ဖြစ်ပြီးလောင်တယ်လို့ ပြောတာပဲ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေကြတယ်။ မီးစလောင်တဲ့အိမ်က ၅ မိနစ်လောက်ပဲကြာတယ်၊ ပြာကျသွားတာ။ ဂက်စ်အိုးတွေပါလောင်တော့ မီးက အရမ်းများသွားပြီး ခဏလေးအတွင်းမှာ ကုန်တာပေါ့ဗျာ။ လျှပ်စစ်မီးကလည်း အဲ့အချိန်ကျ မပျက်တော့ မီးကြိုးတွေပါ ဆွဲဖြုတ်ကျရတာ” လို့ အဲ့ဒီရပ်ကွက်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့အိမ်နဲ့ ဘေးချင်းကပ် နှစ်အိမ်၊ အနောက်ဘက်ခြမ်က တအိမ်တို့ မီးလောင်ခဲ့ကာ ကားတစီးနဲ့ ဆိုင်ကယ်တစီး သုံးမရအောင် လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
မီးလောင်မှုကို မြို့ခံမီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ ပရဟိတအဖွဲ့ဝင်တွေ ပူးပေါင်းကာ ၁၀ မိနစ်ခန့် ငြှိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးနေတယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။