Home
မြန်မာသတင်း
မကွေးတိုင်းတွင် စစ်ရေးပစ်မှတ် ၁၉ ခုကို PDF တိုက်ခိုက်၊ ဒေသကာကွယ်ရေးတပ်များ နိုင်ငံရေးဆွေးနွေး
DVB
·
February 15, 2023

မကွေးတိုင်းအတွင်းမှာ ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့တွေက စစ်ရေးဆိုင်ရာပစ်မှတ် ၁၉ ခုကို မဟာဗျူဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ PDF ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီ စစ်ရေးပစ်မှတ်တွေကတော့ သရက်မြို့နယ်မှာ ကပစ-၁၂၊ ရေမျက်ရဲစခန်း၊ မကွေးလေတပ်စခန်းဌာနချုပ်၊ စလင်းမြို့နယ်မှာ ခမရ-၂၅၃၊ ၂၅၄၊ ၂၅၅၊ ကံပြားရဲစခန်း၊ ဆိပ်ဖြူမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေးတပ်မ-၉၊ ကပစ-၂၁ အနီးက ကင်းပုန်းစခန်း၊ ကပစ-၂၂ စက်ရုံ၊ ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်း၊ ပခုက္ကူမြို့နယ် စီးကောင်းရွာ စစ်ကောင်စီအထိုင်စခန်း၊ ရေစကြိုမြို့နယ် ဇီးတောရွာ ပျူစောထီးအထိုင်စခန်း၊ ဆောမြို့နယ်မှာ ကပစ-၂၅ စက်ရုံ၊ လောင်းရှည်ရဲစခန်းကုန်း၊ ညောင်နီချောင်းရဲစခန်းကုန်း၊ ယွန်းချောင်း၊ စက်တော်ရာကုန်း၊ မီးသတ်ကုန်း၊ ထီးလင်းမြို့နယ်မှာ ရန်သူတပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ ဂန့်ဂေါမြို့နယ်က မင်းရွာရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ၃၁ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ PDF ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပင်မအဆောက်အဦတွေ၊ ဘားတိုက်တွေ ပျက်ဆီးခဲ့ပြီး ကား၊ လက်နက်ငယ်၊ ကျည်ဆန်တွေနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို သရက်ခရိုင်၊ မင်းဘူးခရိုင်၊ ပခုက္ကူခရိုင်၊ မကွေးခရိုင်၊ ဂန့်ဂေါခရိုင်၊ စစ်ကိုင်းခရိုင်၊ မြင်းခြံခရိုင် တပ်ရင်းတွေနဲ့ ရေနံချောင်း၊ မင်းဘူး၊ ပွင့်ဖြူ၊ ထီးလင်း PDF တွေ၊ ဆိပ်ဖြူဘာမထီ-PDF နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက NUG/MOD အမှတ်-၁ စစ်ဒေသ၊ ခရိုင်ကွပ်ကဲရေးအဖွဲ့တွေရဲ့ ကွပ်ကဲမှုနဲ့ မဟာဗျူဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်းရှိ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေကို ပြည်သူ့တော်လှန်ရေးတပ်ဦး (မင်းဘူးစစ်ဒေသ) PRF တပ်ဖွဲ့က ဦးဆောင်ပြီး ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အတွေးအခေါ်၊ အတွေးအမြင်တွေကို ဖေဖော်ဝါရီ ၁၃ ရက်က သွားရောက်ဆွေးနွေး မျှဝေခဲ့ကြတယ်လို့ သိရပါတယ်။

“ကျနော်တို့က စစ်တိုက်တယ်ဆိုတာ နိုင်ငံရေးဖြစ်စဥ် ဖန်တီးရယူခြင်းရဲ့ ဖြစ်စဥ်အစိတ်အပိုင်း တခုပါပဲ။ နိုင်ငံရေးအသိမရှိဘဲ လက်နက်ကိုင်ရင် အကုန် စစ်ဘုရင်အတွေးခေါ်တွေ ဖြစ်ကုန်မှာပါ။ ဒါ့ကြောင့် စစ်မှန်တဲ့ တော်လှန်ရေးအတွေးအခေါ်တွေ ဆွေးနွေးမျှဝေပေးတာပါ” လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (မင်းဘူးစစ်ဒေသ) PRF ရဲ့ နိုင်ငံရေးတာဝန်ခံ ရဲဘော်စောဟန်က ဒီဗွီဘီကို ပြောပါတယ်။

လက်တဖက်က သေနတ်ကိုင်ပြီး လက်တဖက်က စာအုပ်ကိုင်ရမှာဖြစ်ပြီး သေနတ်ပဲ ကိုင်နေမယ်ဆိုရင် ဓားပြသာသာပဲ ဖြစ်သွားမှာဖြစ်ကြောင်းနဲ့ တော်လှန်နေရင်း တဖက်ကလည်း အထွေထွေဗဟုသုတတွေ ရှာဖွေလေ့လာ ဆည်းပူးနေရမှာ ဖြစ်ကြောင်းလည်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မကွေးတိုင်းအတွင်းမှာ အခုတလော ဆိပ်ဖြူ၊ ချောက်၊ စလင်း၊ သရက်၊ ငဖဲ၊ မင်းတုန်း၊ မင်းဘူး စတဲ့နယ်မြေတွေမှာ ဟန်ချက်ညီညီ တိုက်ခိုက်စီးနင်းမှုတွေ ရှိလာနေပြီ ဖြစ်တယ်လို့လည်း ဒေသတွင်း တက်ကြွလှုပ်ရှားသူတချို့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024