Home
မြန်မာသတင်း
စစ်တွေဒေသခံ ၁ ဦးအား စစ်တပ်က ပစ်ခတ်ဖမ်းဆီး၊ အမ်းမြို့နယ်တွင် လူငယ် ၁ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ
DVB
·
February 8, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လေယာဉ်ကွင်းလမ်းကွေ့မှာ ဖေဖော်ဝါရီ ၇ ရက် ည ၇ နာရီကျော်က ဒေသခံတဦးကို စစ်ကောင်စီတပ်က သေနတ်ပစ်ခတ် ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေက အတည်ပြုပြောပါတယ်။

မျက်မြင်တဦးက “သေနတ်ပစ်သံကြားတာနဲ့ လူမှာထိတဲ့အသံက ပေါ်လွင်နေတယ်။ အပစ်ခံရသူက ဘယ်သူမှန်း အခုထိမသိရသေးဘူး။ လေယာဉ်ကွင်းသွားလမ်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်က ပစ်တာ။ ပေါင်မှာ ဒဏ်ရာရသွားပြီး စစ်ကားပေါ် တင်ပြီးခေါ်သွားတယ်” လို့ ပြောပါတယ်။

မောင်တောဒေသရှိ ဒုက္ခသည် ပြန်လည်လက်ခံရေးစခန်းတွေကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ စစ်တွေကို ပြန်ရောက်ပြီး ၁၀ မိနစ်အကြာမှာ အဲဒီပစ်ခတ်မှုဖြစ်ခဲ့တာလို့ စစ်တွေမြို့မှ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

“ဖေဖော်ဝါရီ ၇ ရက် ၇ နာရီလောက်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့က မောင်တောက စစ်တွေမြို့ကို ပြန်လာတဲ့ယာဥ်တန်း ဖြတ်သွားပြီး ၁၀ မိနစ်မှာ လေယာဥ်ကွင်းခွဆုံမှာ ဖြစ်ပွားခဲ့ကြတာ။ ပစ်ခတ်ခံရသူ ဘယ်သူလဲ မသိရသေးဘူး” လို့ မျက်မြင် စစ်တွေဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီကျော်လောက်ကလည်း မောင်တောမြို့ နခခ-၅ ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတဦးကို စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ခိုင်သဇင်ပန်းခြံအနီးရှိ ချောင်းထဲကို ဆင်းပြေးစဥ် စစ်သားတွေနဲ့ ရဲတွေက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်​ချောင်း- ဒါးလက်အနောက်ရွာက အသက် ၂၂ နှစ်အရွယ် လူငယ်တဦး မိမိပိုင် ​သီဟို​သရက်ခြံမှာ တောရှင်းနေစဥ် ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

“သူပိုင်တဲ့ သီဟို​သရက်ခြံမှာ ဒီနေ့မနက်က တောရှင်းနေတာမှာ မိုင်းနင်းမိတာ။ ဒဏ်ရာက တော်တော်ပြင်းတယ်။ မိုင်းဆံတွေ ခန္ဓာကိုယ်အနှံ့ရသွားတာ။”

မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူမှာ အမ်းမြို့နယ် ဒါးလက်​ချောင်း- ဒါးလက်အနောက်ရွာမှ အသက် ၂၂ နှစ်အရွယ် ကိုဆန်းကြည် (ဘ) ဦးသိန်းဆန်း ဖြစ်ပြီး သူ့ကို အမ်းမြို့နယ်၊ ဒါးလက်တိုက်နယ်ဆေးရုံမှာ အ​​ရေး​ပေါ် ဆေးကုမှု ခံယူနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သူ့ရဲ့မိတ်ဆွေတဦးက “သူက ဒီနှစ်မှာမှ အိမ်ထောင်ကျတာ၊ သားသမီးတော့ မရှိသေးဘူး။ နှစ်ဖက်မိဘတွေကလည်း ဆင်းရဲတော့ စစ်တွေတို့ ဘာတို့ သွားရောက် ဆေးကုသရမှာဆိုတော့ အကူအညီတွေ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခု ဇန်နဝါရီ တလအတွင်း ရခိုင်ပြည်နယ်မှာ မိုင်းနင်းမိပြီး အရပ်သားပြည်သူ ၇ ဦးအထိ သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုအဖွဲ့အစည်းတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် ည ၉ နာရီလောက်က ပုဏ္ဏားကျွန်းမြို့နယ်၊  ကုန်းတန်းကြိမ်ချောင်း ကျေးရွာမှာ အရက်မူးနေတဲ့ အေအေ ဒုနယ်မြေမှူးဟောင်း ဦးအမောင်ချေမှာ ပါလာတဲ့ လက်ပစ်ဗုံး ပေါက်ကွဲရာမှ ဦးအေးထွန်းလှရဲ့ စျေးဆိုင်မှာ ဆေးလာဝယ်တဲ့ ကလေးငယ် ၂ ဦး သေဆုံးခဲ့ရပြီး ဆိုင်ပိုင်ရှင်အပါအဝင် နောက်ထပ် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ် ၂ ဦးရဲ့ မိသားစုကို ရက္ခိုင့်တပ်တော် (အေအေ) တာဝန်ရှိသူတွေက လာရောက်တောင်းပန်ခဲ့ပြီး နစ်နာကြေး ပေးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

လက်နက်ကိုင်ဆောင်တဲ့ ဒုနယ်မြေမှူးဟောင်း ဦးအမောင်ချေကိုလည်း အေအေဘက်က ဖမ်းဆီးထားလိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024