နှင်းခဲပျော်ချိန်

( ၁ )

ပြတင်းပေါက် ခန်းဆီးစကို ဖယ်လိုက်ရင် အပြင်ဘက်မှာ နှင်းတွေ ကျကောင်းကျနေလိမ့်မယ်။  မနေ့တုန်းက အအေးဓာတ် ပိုသလိုရှိခဲ့လို့ ဒီကနေ့မနက်မှာတော့ နှင်းတွေစတင်ပြီး ကျလာနိုင်ကောင်းရဲ့။ နှင်းတွေ ကျလာနေတာကို မြင်ရရင် ...။

ဟိုး... လွန်ခဲ့တဲ့ ၁၀ နှစ်က နှင်းတွေကျနေတဲ့အချိန်၊ အမိုးမပါတဲ့ ရထားတွဲတစ်ခုပေါ်မှာ `မင်ဒယ်လ်စတန်း´ သေဆုံးသွားခဲ့တယ်။ ရထားတွဲပေါ်မှာ ပက်လက်လှန် လဲလျောင်းရင်း ကောင်းကင်ကြီးရဲ့ လွတ်လပ်ကျယ်ပြန့်ခြင်း အရသာကို ခံစားရင်း လူ့လောကကြီးကို စွန့်ခွာသွားရတာ ကျေနပ်တယ်လို့များ ‘မင်ဒယ်လ်စတန်း’ ယူဆခဲ့လေမလား။ ဒီတုန်းက ဆိုက်ဗေးရီးယားမြောက်ပိုင်း နှင်းတွေ တဖွဲဖွဲကျနေတဲ့အောက်က အသက်မျှဉ်းမျဉ်း ရှူနေရတဲ့ ဘူတာရုံလေးတစ်ခုရဲ့အလွန် ဝက်သစ်ချတောအစပ်မှာ ‘မင်ဒယ်လ်စတန်း’ သေဆုံးသွားခဲ့တာ။ နှင်းတွေ အရူးအမူးကျနေခဲ့တဲ့ အချိန်ပေါ့။

ငါတို့

နေမင်းကို မြှုပ်နှံခဲ့ကြရာ

`ပီတာစဘတ်´ မှာ

တဖန် ပြန်လည်ဆုံတွေ့ကြစို့ ...။

၁၉၂၀ နိုဝင်ဘာလ ၂၀ ရက်နေ့စွဲနဲ့ ရေးခဲ့တဲ့ ‘မင်ဒယ်လ်စတန်း’ရဲ့ ကဗျာတစ်ပုဒ်ထဲမှာ သူ့ဇနီးကို ရည်ရွယ်ပြီး ရေးခဲ့တဲ့ ကဗျာစာသားလား၊ ဒါမှမဟုတ် သူတို့ ၄ ယောက်စလုံးကိုပဲ ရည်ရွယ်ပြီး ရေးခဲ့တာလား၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကိုများ ရည်ရွယ်ခဲ့လေသလား။ ဘယ်လိုပဲ ရည်ညွှန်းသည် ဖြစ်စေ၊ အခုတော့ သူတို့ ၄ ယောက်စလုံးအဖို့ ‘ပီတာစဘတ်’မှာ ပြန်လည်ဆုံတွေ့ကြဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့လေ။

အခုဆိုရင် `ပက်စတာညက်´လည်း လူ့ဘဝကြီးကို စွန့်ခွာသွားခဲ့ပြီ။ နှင်းတွေ တဖွဲဖွဲကျနေတဲ့အချိန်။ ရက်ပေါင်းများစွာ အခန်းအောင်းနေခဲ့တဲ့ `ပက်စတာညက်´ကို ဝံပုလွေတွေက နေ့ရောညပါ ချောင်းမြောင်း စောင့်ကြည့်နေကြတဲ့အချိန်။ အင်မတန် တိတ်ဆိတ်ငြိမ်သက်နေတဲ့ အိမ်ကလေး တစ်လုံးထဲမှာ ‘ပက်စတာညက်’ သေဆုံးသွားခဲ့တာ။ ‘စိတ်ညစ်ညူး ရှုပ်ထွေးစရာကောင်းတဲ့ အချိန်တွေ နိဂုံးချုပ်ဖို့ကောင်းပြီကွာ’လို့ ‘ပက်စတာညက်’ ပြောခဲ့ဖူးတယ်။ သူကတော့ ‘ငါ ... နှင်းတွေကို ချစ်တယ်ကွာ’တဲ့။ ‘နှင်းတွေကို ငါ ဘယ်လောက်ချစ်တယ်ဆိုတာ မင်း သိတယ်မို့လား၊ ငါ့ရဲ့ ဒေါက်တာဇီးဗားဂိုး ဝတ္ထုထဲမှာ နှင်းတွေကျနေတဲ့အချိန် ကဗျာတွေ ထိုင်ရေးနေတဲ့ လူတစ်ယောက်အကြောင်း ထည့်ရေးခဲ့တာ မင်းသိတယ် မဟုတ်လား’ဆိုတဲ့ သူ့စကားတွေကို နားထဲမှာ ကြားနေရတယ်။ ဒီလိုဆိုတော့လည်း ‘ပက်စတာညက်’အတွက် စိတ်ဖြေကြည့်လို့ ရနိုင်ပါတယ်။ သူ့အဖို့ နှင်းတွေ ဖွဲဖွဲဆုပ်ဆုပ်ကျနေတဲ့အချိန် လူ့ဘဝကြီးကို စွန့်ခွာခွင့်ရခဲ့တယ်လေ။

‘စဗက်ထရေဗာ’ကလည်း ဒီလိုပါပဲ။ သတင်းဆိုးကြီးကြားလို့ သူ့ဆီကို ကမန်းကတန်းထွက်လာတော့ လမ်းမှာ နှင်းတွေ တဝေါဝေါကျလာနေလို့ လမ်းတွေတောင်မှ ပိတ်ဆို့ကုန်ကြရတာပဲ။ သူ့အိမ်တံခါးကို တာဝန်ရှိသူတွေက အတင်းရိုက်ချိုးပြီးမှ ဖွင့်ခဲ့ကြရတာလို့ ဆိုတယ်။ ‘စဗက်ထရေဗာ’က သူ့လည်တိုင်မှာ ကြိုးတစ်ချောင်းစွပ်ပြီး လူ့ဘဝကို ကျောခိုင်းသွားခဲ့တာ။ သူ့ရဲ့ လူ့ဘဝနေ့ရက်များထဲက မည်းမှောင်တဲ့လမ်းမကြီးတွေကို သူတို့အားလုံးကို ပြောပြလို့ အားလုံးကပဲ ခံစားကွဲကြေခဲ့ကြရတာပဲ။ အခုလောက်အထိတော့ မဖြစ်တန်ရာကောင်းပါဘူးဆိုပြီး သူ့ကို ဝိုင်းဝန်းအားပေးနှစ်သိမ့်ခဲ့ကြရတာပေါ့။ သူကတော့ ‘မင်ဒယ်လ်စတန်း’တို့၊ ‘ပက်စတာညက်’တို့လို ယောကျ်ားသား မဟုတ်လေတော့ ဘဝရဲ့ အနက်ရောင်ကတ္တီပါ ကားလိပ်တွေကို ခွန်နဲ့အားနဲ့ မတွန်းဖယ်နိုင်ခဲ့ဟန် တူပါရဲ့။ မရဏတရားရဲ့ လက်ယပ်ခေါ်တဲ့အချိန်ထိ စောင့်မနေတော့ဘဲ သူကိုယ်တိုင်က မရဏတရားဆီ ခုန်ကူးသွားခဲ့တာ။ ဒီတုန်းကလည်း နှင်းတွေ … နှင်းတွေ …။ နှင်းတွေဟာ တကယ့်ကို ထူးထူးခြားခြား တပိုးတနင့် ကျနေခဲ့တဲ့ အချိန်မှာပေါ့။

သူတို့ လေးယောက်အပေါ်မှာ ကဗျာနဲ့ပတ်သက်ပြီး သြဇာအညောင်းဆုံးပုဂ္ဂိုလ် …။ ‘ဂူမီလက်’။ ‘ဂူမီလက်’ရဲ့ ခန္ဓာကိုယ်ထဲက စင်ကျလာတဲ့သွေးတွေဟာ နှင်းပြင်ပေါ်မှာ ရဲရဲနီသွားစေခဲ့တယ်။ တန်းစီရပ်နေတဲ့ အလုပ်သမား သင်္ဘောသား၊

ရုံးဝန်ထမ်း ၄၆ ဦးရဲ့ သွေးတွေဟာ နှင်းပြင်ပေါ်မှာ စီးမျောကုန်ကြတယ်။ သေနတ်သံတွေ စဲသွားတဲ့အချိန်၊ ယမ်းခိုးတွေ တဖြည်းဖြည်း လွင့်ပြယ်သွားတဲ့အခါ ‘ဂူမီလက်’ရဲ့ ခန္ဓာကိုယ်ဟာ တခြား သက်မဲ့ခန္ဓာကိုယ်များနဲ့အတူ လက်တွန်းလှည်းပေါ်ကို ရောက်နေခဲ့ပြီ။ အကျဉ်းသားတချို့ဟာ နှင်းတွေ ဖွားဖွားရားရား ကျနေတဲ့အောက်မှာ လူသေအလောင်းတွေ တင်ထားတဲ့ လက်တွန်းလှည်းတွေကို တွန်းရင်း နှင်းတွေထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ကြတယ်။

အရာအားလုံး

မနေ့ကအတိုင်းပါပဲ

ပရမ်းပတာကျနေတဲ့ နှင်းတွေက

ထမင်းစားခန်း ပြတင်းပေါက်တွေကို

ရိုက်ပုတ်ထုနှက်နေလေရဲ့ …။

ခန်းဆီးစကို အသာအယာဖယ်လိုက်တော့ နှင်းတွေဟာ တကယ်ပဲ တံခါးအပြင်ဘက်မှာ တဖွဲဖွဲကျလာနေတာကို တွေ့လိုက်ရတယ်။ နှင်းတွေ ကျလာနေမလားဆိုပြီး စိုးရွံ့ထိတ်လန့်နေခဲ့တဲ့ သူ့စိတ်ဟာ ခန်းဆီးစကိုဖယ်ပြီး အပြင်ကိုကြည့်တော့ တကယ်ပဲ နှင်းတွေကျနေတာကို တွေ့ပြီး ထူးထူးခြားခြား စိတ်တွေ ပြောင်းလဲသွားရပြန်တယ်။ 

သူ ချစ်တဲ့၊ သူ လေးစားတဲ့၊ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ကဗျာဆရာ လေးဦးစလုံးဟာ နှင်းတွေကို ချစ်ခဲ့ကြတာပဲ။ နှင်းတွေထဲမှာပဲ လဲလျောင်းသွားနိုင်ခဲ့ကြတာပဲ။ ဒီလိုတွေးမိတဲ့အခါ ‘အက်ခ်မာတော်ဗာ’ အနေနဲ့ နှင်းတွေကို ရဲရဲရင့်ရင့် စိုက်ကြည့်နိုင်လာခဲ့ပါတယ်။ နှင်းတွေထဲမှာ ထာဝရအိပ်စက်သွားကြတဲ့ ဆိုဗီယက်ယူနီယံကြီးရဲ့ ကဗျာဆရာ လေးဦးအကြောင်းကို တွေးပြီး နှင်းတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့လိုအပ်တယ် ဆိုတာကို သတိထားမိလာနိုင်ခဲ့တယ်။ နှင်းတွေ ဆိုတာလေ …၊ အခန်းရဲ့ အပြင်ဘက်မှာ တဖွဲ့တနွဲ့ သွန်ကျနေလိုက်တာ တစ်နေ့လုံး တစ်ညလုံး။

( ၂ )

ဒါပေမဲ့

တနင်္ဂနွေနေ့တစ်နေ့ရဲ့

မီးခိုးရောင် နေ့လယ်ခင်း

နီဗာရဲ့ ပင်လယ်တံခါးဝမှာရှိတဲ့

ခပ်မြင့်မြင့် ခပ်မွဲမွဲ အိမ်တစ်လုံးထဲက

စကားဝိုင်းတစ်ခုကို

ငါ … သတိရနေမိတယ် …။

ကဗျာဆရာ ‘အလက်ဇန္ဒားဘလော့’နဲ့ စကားဝိုင်းဖွဲ့ထိုင်ခဲ့တဲ့ နေ့လယ်ခင်းတစ်ခုကို သူ သတိရတယ်။ ဒီတုန်းက ‘အလက်ဇန္ဒားဘလော့’ က ‘ကြောက်မက်ဖွယ် နှစ်ကာလများ’ ဆိုတဲ့စကားကို ဘာပြုလို့များ ပြောခဲ့တာပါလိမ့်။ လူတွေ အလွန်မတန် စိတ်ဓာတ်တက်ကြွလွန်းနေတဲ့အချိန် …၊ ဒီလိုအချိန်မျိုးကိုများ ဘာပြုလို့ ‘ဘလော့’က ဒီလို ညွှန်းဆိုခဲ့ပါလိမ့်။ 

၁၉၁၇ ခုနှစ်မတိုင်ခင် ဝန်းကျင်ကာလမှာ ပဒေသရာဇ်စနစ်ရဲ့ ပြိုလဲအက်ကွဲသံကို လူတွေက ကောင်းချီးပေးနေကြတဲ့အချိန် …၊ ဘာကြောင့်များ `ဘလော့´က ဒီလိုပြောခဲ့တာပါလိမ့်။ ဟိုတုန်းက အမြဲတမ်း ဒီလိုပဲ အဖြေရှာမရတဲ့ ပုစ္ဆာတချို့ဟာ အခုတော့ သူ့အဖို့ နားလည်သလိုလိုရှိလာခဲ့ပြီ။

သူ့ရဲ့ ပထမဦးဆုံးကဗျာစာအုပ် ‘ညနေဆည်းဆာ’ထွက်ရှိတုန်းက ပါတီအာဘော်သတင်းစာကြီးရဲ့ ဆောင်းပါးရှင်တစ်ဦးက ‘ဒီကဗျာစာအုပ်ဟာ ဓနရှင်အတွေးအခေါ် မစင်တဲ့ ကဗျာစာအုပ်’ ဖြစ်တယ်လို့ ဝေဖန်ခဲ့တာကို ပြန်ပြီးတွေးမိတယ်။ နောက် ၂ နှစ်အကြာမှာ ‘နှင်းဆီပွင့်များ’ ကဗျာစာအုပ် ထပ်ပြီးထုတ်တယ်။ ‘ငှက်ဖြူအုပ်’ ကဗျာစာအုပ်ကိုတော့ ၁၉၁၇ ခုနှစ်မှာ …။ ၁၉၂၁ ခုနှစ် ‘ဆေးဖက်ဝင်သစ်ပင်’ ကဗျာစာအုပ် ထုတ်ပြီးကတည်းက ‘အက်ခ်မာတော်ဗာ’ရဲ့ နာမည်ဟာ ဆိုဗီယက်ကမ္ဘာမှာ မကောင်းဆိုးဝါးတစ်ကောင်လို ကျော်ကြားစပြုပါပြီ။ ၁၉၄၆ သြဂုတ်လထဲမှာ ပါတီအာဘော် ‘ပရာဗဒါ’ သတင်းစာကြီးမှာ ဆိုရင် ‘အက်ခ်မာတော်ဗာ’ ကို ပုဂ္ဂိုလ်ရေးအရပါ ဦးတည်တိုက်ခိုက် ရေးသားတဲ့ဆောင်းပါးတွေ အဆက်မပြတ် ပါရှိနေခဲ့ပါတယ်။

`ပရာဗဒါ´ သတင်းစာမှာပါရှိတဲ့ ဆောင်းပါးတွေဟာ ကဗျာစာအုပ်ကို ဝေဖန်တာနဲ့မတူဘဲ ကဗျာဆရာရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပဲ ဖိပြီးရေးခဲ့တာပါ။ ဒီတုန်းက ဒီဆောင်းပါးတွေဟာ ဆောင်းပါးရှင်တစ်ဦးရဲ့ ‘ကလောင်နာမည်’ကို အသုံးပြုပြီး ရေးခဲ့တာမှန်ပေမယ့် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်တည်းက ဒိုင်ခံရေးခဲ့တဲ့ ဆောင်းပါးတွေ မဟုတ်ဘူးဆိုတာ ‘အက်ခ်မာတော်ဗာ’ သိပါတယ်။ ပါတီရဲ့ ဝါဒဖြန့်ချိရေး ဒါမှမဟုတ် ကေ-ဂျီ-ဘီရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနက လူတချို့ တလှည့်စီ ရေးခဲ့ကြတဲ့ ဆောင်းပါးတွေဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အထက်ဆုံးက ကျလာတဲ့ သဘောထားအပေါ် မူတည်တယ်ဆိုတာ အစပထမတော့ မသိခဲ့ပါဘူး။

၁၉၂၅ ခုနှစ်ထဲမှာ သူ့ကို ရက်အကန့်အသတ် မရှိ၊ ကဗျာ ရေးသားပုံနှိပ်ဖော်ပြခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၄၆ ခုရဲ့ နံနက်ခင်းတစ်ခုမှာ သူ့ဆီကို စာတိုက်ကတဆင့် စာတစောင် ရောက်လာခဲ့ပြန်ပါတယ်။ စာအိတ်ကိုဖောက်ပြီး မဖတ်ခင်ကတည်းက ‘အက်ခ်မာတော်ဗာ’ရဲ့ စိတ်ထဲမှာ တုန်လှုပ်ချောက်ချားနေခဲ့ပါပြီ။ စာအိတ်ပေါ်မှာ ‘ဆိုဗီယက်ယူနီယံ စာရေးဆရာများသမဂ္ဂ’ရဲ့ တံဆိပ်ကို သူ တွေ့ရပါတယ်။

သီတင်းတစ်ပတ်လုံးလုံး

ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ

ငါ စကားမပြောခဲ့။

ပင်လယ်ကမ်းစပ်က

ကျောက်တုံးတစ်တုံးပေါ်မှာပဲ

ငါ ထိုင်ခဲ့။

‘အက်ခ်မာတော်ဗာ’ ရက်တော်တော်များများထိ ဘယ်သူနဲ့မှ စကားမပြောဖြစ်တော့ပါဘူး။ သူ့ကို ‘ဆိုဗီယက်ယူနီယံ စာရေးဆရာများသမဂ္ဂ’ရဲ့ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်လိုက်တဲ့စာကို သူ ဖတ်ခဲ့ပြီးတဲ့နောက် ရက်ပေါင်းများစွာ သူဟာ နှုတ်ဆိတ်နေခဲ့ပါတယ်။ သတင်းထောက်တချို့၊ နိုင်ငံခြားသားတချို့၊ သူ့အပေါ် စာနာသူတချို့က သူ့ကို စကားပြောဖို့၊ နှစ်သိမ့်ဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ ဘယ်သူ့ကိုမှ လက်ခံစကား မပြောခဲ့ပါဘူး။ သူ့အသိတရားထဲမှာက သူ့ကို အားပေးနှစ်သိမ့်နိုင်တဲ့ လူပုဂ္ဂိုလ်ဆိုတာ ဒီကမ္ဘာပေါ်မှာ လေးဦးတည်းပဲ ရှိတာပဲ။ အဲဒီ ပုဂ္ဂိုလ်လေးဦးက အခုဆိုရင် လူ့ဘဝကို စွန့်ခွာသွားခဲ့ကြပြီ။

သေနတ်ချင်းယှဉ်ပစ်ရတဲ့ပွဲ မဟုတ်လေပဲ

လူသတ်ကွင်းတစ်ခုမဟုတ်လေပဲ

စစ်မြေပြင်မဟုတ်လေပဲ

တောခြောက်ကုန်းတစ်ခုရဲ့ လမ်းကလေးပေါ်မှာ …။

ထုတ်ဝေခဲ့ပြီးသမျှ ကဗျာစာအုပ်အားလုံးအတွက် သူ့မှာ တာဝန်ရှိတယ်ဆိုတာ သူ သိပါတယ်။ သူ့နှလုံးသားကို ပုံတူကူးတဲ့ ကဗျာစာအုပ်တွေချည်းပါပဲ။ ဒီကဗျာစာအုပ်တွေဟာ လူတွေကို အဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် မှာတော့ သူ တာဝန်မယူနိုင်ပါဘူး။ ဒါဟာဖြင့် တစုံတရာ လွဲချော်နေခြင်းသာ ဖြစ်တယ်ဆိုတဲ့ အသိကို လူတွေအားလုံး သိအောင် သူ ဘယ်လိုလုပ်ရပါ့။ ဝေခွဲလို့မရနိုင်တဲ့အဖြစ်က အခုဆိုရင် သူဟာ ကျင်းနဖူးထိပ်မှာ ရပ်မိတဲ့ လူတစ်ယောက်လို ဖြစ်ခဲ့ပြီဆိုတဲ့ အခြေအနေကို သူဘာပြုလို့ မကာကွယ်နိုင်ခဲ့တာလဲဆိုတဲ့ အဖြစ်ပါပဲ။

သူ့ကို ‘ဆိုဗီယက်ယူနီယံ စာရေးဆရာများသမဂ္ဂ’ရဲ့ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်တဲ့စာကို ဖတ်ရတဲ့အချိန် မော်စကိုမှာ နှင်းတွေ အရူးအမူးကျခဲ့ပါတယ်။

( ၃ )

ငါဟာ

ရိုးသားစွာ

အသိဉာဏ်ကြွယ်ဝစွာ နေထိုင်နိုင်ဖို့

ကောင်းကင်ကြီးကိုကြည့်ဖို့

ဘုရားသခင်ထံ ဆုတောင်းဖို့

ငါ့ကိုငါ သင်ကြားခဲ့တယ်။

ဘဝတစ်ခုကို တည်ဆောက်တဲ့အခါ ဖြူစင်ရိုးသားခြင်း၊ အသိဉာဏ်ပညာ ကြွယ်ဝခြင်းအပြင် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုဆိုတဲ့ အင်္ဂါရပ်တွေနဲ့လည်း ပြည့်ဝစေချင်ပေမယ့် ဘာပြုလို့များ လွတ်လပ်မှုတွေ ပါးလျားခဲ့ရပါလိမ့်။ ငြိမ်းချမ်းမှုတွေ မှေးမှိန်ခဲ့ရပါလိမ့်။ သူ့အနေနဲ့ ‘အိုစစ်မင်ဒယ်လ်စတန်း’ကို လေးစားတာဟာ အမှားလား။ ‘စဗက်ထရေဗာ’ကို ချစ်ခင်မိတာ အမှားလား။ ‘ပက်စတာညက်’ကို ရဲဘော်ရဲဘက်လို သဘောထားမိတာ အမှားလား။ ‘နီကိုလက်’ကို လက်ထပ်ခဲ့မိတာကော အမှားလား။ သူတို့ဟာ လူသားတွေကို ဆိုဗီယက် ယူနီယံကြီးထက် ပိုပြီးချစ်ပြခဲ့ကြသူတွေ။ သူတို့အားလုံး မသေဆုံးခင်ကဆိုရင် သူတို့နဲ့အတူ သူလည်းပဲ ကမ္ဘာကြီးကို ချစ်ခဲ့တာပဲ။ လူတွေကို ချစ်ခဲ့တာပဲ။ တိုင်းပြည် နိုင်ငံတွေ၊ ဥပဒေသတွေ၊ ထုံးတမ်းစဉ်လာတွေ၊ အသားအရောင်တွေ၊ ဘာသာစကားတွေထက်ပိုပြိး လူတွေကို ချစ်မိတာဟာ အမှားတစ်ခု ကျူးလွန်ခြင်းဖြစ်တယ်လို့ ပြောလာခဲ့ရင်…။ သူတို့ လေးဦးနဲ့အတူ သူလည်းပဲ အတိအလင်း ကန့်ကွက်နေမိမှာပဲ။

အခုတော့ သူ ယုံကြည်သလို၊ သူ မြင်သလို ပြောမိဆိုမိတဲ့အတွက် ပေးထားရတဲ့ အရင်းအနှီးကတော့ ကြီးလှပါတယ်။

ငါမငိုတော့ဘူးလို့

ငါ မင်းကို

ကတိပေးပါတယ်

ဒါပေမဲ့

ငါ့နှလုံးသားကတော့

ကျောက်တုံးတစ်ခုအဖြစ် ပြောင်းသွားလေရဲ့ …။

‘ကျောက်တုံးတစ်ခု’ကို ရင်ထဲမှာထည့်ပြီး ‘အက်ခ်မာတော်ဗာ’ လမ်းလျှောက်နေမိပါတယ်။ ဒီအချိန်မှာတော့ ဒီ ‘ကျောက်တုံးတစ်ခု’ကိုပဲ ဖက်တွယ်ထားရမလားပဲ။

ဒီတုန်းက ‘အက်ခ်မာတော်ဗာ’ဟာ နှစ်ပေါင်းများစွာ အကျဉ်းခံဘဝနဲ့နေခဲ့ရတဲ့ သားဖြစ်သူအတွက် ရတက်မအေးနိုင် ဖြစ်နေတဲ့အချိန်။ တခါ သားတစ်ဦးကလည်း အမဲလိုက်ရင်းက မမျှော်လင့်ဘဲ သေဆုံးသွားရတဲ့အချိန်။ တိုက်တိုက်ဆိုင်ဆိုင် နှင်းတွေ ထန်ထန်ပြင်းပြင်း ကျနေတဲ့အချိန်မှာ သားကလေးတစ်ယောက် သေဆုံးသွားခဲ့ရတာ။

အရပ်ရှည်မျောမျောမိန်းမ

မင်းရဲ့ ဂျစ်ပစီကလေးငယ် ဘယ်မှာလဲ

မင်းရဲ့ သားဦးလေး ဘယ်မှာလဲ

သူ့သတင်းက ဘယ်လိုလဲ၊ မင်း ဘာတွေမှတ်မိလဲ

မိခင်တစ်ဦးရဲ့ ကံကြမ္မာဆိုတာ

ပျော်ရွှင်မှုရဲ့ နှိပ်စက်ခန်းတစ်ခု …။

မင်းသိပါတယ်

သူ့ကို အမဲလိုက်ရာက သူတို့တွေ့လာခဲ့ကြတာ

သူ့အလောင်းကို

ဝက်သစ်ချပင်ရဲ့အနီးမှာ သူတို့သွားတွေ့ခဲ့ကြတာ …။

ငါ

ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ငှက်ကလေးကို

သစ်ပင်အိုကြီးအနီးက

ရေတွင်းဝိုင်းကြီးရဲ့ဘေးမှာ မြှုပ်နှံခဲ့ပြီ။

နောင်နှစ်ပေါင်းများစွာကြာသည့်တိုင် သူကိုယ်တိုင် မြှုပ်နှံခဲ့ရတဲ့ သူ့ရင်သွေးကလေးကို သူ့မှာ မေ့ပျောက်လို့ မရနိုင်ခဲ့။ တခါ နှစ်ပေါင်း ၁၅ နှစ်တိုင်တိုင် (၁၉၂၅-၁၉၄၀) မြေမြှုပ်ခံထားခဲ့ရတဲ့ သူ့ကဗျာတွေကိုလည်း သူ မမေ့နိုင်။

ဆိုဗီယက်ယူနီယံကြီးရဲ့ ကျောကုန်းပေါ်မှာတော့ နှင်းတွေ အဆမတန် ကျပြီးရင်း ကျလာနေခဲ့ပါတယ်။

( ၄ )

၁၉၅၀ ခုရဲ့ နှစ်ဦးကစပြီး ခေါင်းဆောင်ကြီး ‘စတာလင်’ကို လက်ရှိ ဆိုဗီယက်ယူနီယံ ခေါင်းဆောင်တချို့က ဝေဖန်ပြစ်တင်လာခဲ့ကြပါတယ်။ အထူးသဖြင့် ၁၉၅၆ ခုနှစ် အကြိမ် နှစ်ဆယ်မြောက် ပါတီညီလာခံပြီးတဲ့နောက်မှာ ဝန်ကြီးချုပ် ‘ခရူးရှော့’က ‘စတာလင်’ကို အပြင်းအထန် ဝေဖန်တိုက်ခိုက်လာခဲ့ပါတယ်။ ခေါင်းဆောင်ကြီး ‘စတာလင်’ကို ဝေဖန်ပြစ်တင်တဲ့ အသံတွေ ဆူညံလာတဲ့အခါ ဆိုဗီယက်ယူနီယံတစ်ခုလုံး အိပ်ပျော်ရာက လန့်နိုးသလို ဖြစ်သွားရတာပေါ့။ ဆိုဗီယက်ယူနီယံ ထီးရိပ်အောက်က တိုင်းနိုင်ငံတချို့ဆိုရင် ပိုပြီး ချောက်ချောက်ချားချား ဖြစ်ကုန်ကြရတာပေါ့။ ဒီအခါမှာတော့ နှစ်ပေါင်းများစွာ ကျောက်တုံးတစ်ခုကို ရင်ထဲမှာထည့်ပြီး လမ်းလျှောက်လာနေတဲ့ ‘အက်ခ်မာတော်ဗာ’ဟာ ကျောက်တုံးရဲ့ အချက်ပေးသံကို စတင်ပြီး ကြားလိုက်ပါတယ်။

နွေဦးနဲ့ဟေမန္တတွေ ဖြတ်ကျော်သွားခဲ့ကြ

ဒါပေမယ့်လည်း

တစ်ခါတစ်ရံမှာ ငါဟာ

တစ်ခုသောနွေဦးကိုပဲ သတိတရဖြစ်နေခဲ့မိ …။

သူ့ရင်ထဲက ကျောက်တုံးက သူ့ကို တစ်ခုသော နွေဦးမှာ ပွင့်တဲ့ပန်းတွေအကြောင်း ပြောပြနေပါပေါ့လား။ ဟေမန္တရဲ့ ဖိစီးမှုအောက်မှာ ပန်းတွေကြွေခဲ့၊ သစ်ပင်တွေ သေခဲ့ရပေမယ့် ‘နွေဦး’ ရောက်လာပြီဆိုရင်တော့ သစ်ပင်တွေ ပြန်ရှင်လာတတ်တာ၊ ပန်းတွေ ပြန်ပြီး ပွင့်လာတတ်တာကို မေ့မပစ်လိုက်ဖို့ ကျောက်တုံးကပဲ သတိပေးလာခဲ့တာ။

ငါ … ကြိုးကြာငှက်ကို မေးကြည့်တယ်

ငါ အသက်ရှင်လျက်

နှစ်ပေါင်းဘယ်လောက် နေရဦးမလဲဆိုတာ။

ထင်းရှူးပင်တွေရဲ့ အဖျားတွေဟာ ယိမ်းထိုးလျက်ရှိကြ

အဝါရောင် ရိုးတံတွေက မြင်ခင်းတွေဆီကို အိကျနေကြ

လန်းဆန်းတဲ့ တောလမ်းကလေးထဲမှာတော့ ဘာသံမျှမကြားကြရ

ငါ … အိမ်ကို ပြန်လာနေပြီ

ပူလောင်တဲ့ ငါ့နဖူးပြင်ကို

အေးမြတဲ့လေက အသာအယာပွတ်တိုက်လျက်။

သတင်းထောက်တွေ၊ မိတ်ဆွေတွေ၊ အိမ်အထိ ဝန်းရံပြီး လိုက်ပို့မယ့်သူတွေကို သူက ထပ်ကာတလဲလဲ တောင်းပန်စကား ပြောပြီးမှ သူ့အိမ်ကို သူတစ်ယောက်ထဲပဲ ပြန်လာခဲ့တာ။ လမ်းမှာ ကားမစီးဘဲ တစ်ယောက်တည်း လမ်းလျှောက်ပြီးမှ ပြန်လာခဲ့တာ။

ပြီးခဲ့တဲ့ တစ်နာရီခန့်ကဆိုရင် ‘ဆိုဗီယက်ယူနီယံ စာရေးဆရာများသမဂ္ဂ’ရဲ့ စည်းဝေးခန်းမဆောင်ကြီးထဲမှာ သူ့ကို ဝိုင်းဝန်းဂုဏ်ပြုပြီး တီးလိုက်တဲ့ လက်ခုပ်သံတွေဟာ ခန်းမကြီးတစ်ခုလုံး ပွင့်ထွက်မတတ် ဆူညံနေခဲ့တာပဲ။

တကယ်တော့ ဒီလိုအချိန်မျိုးမှာ သူ့ချစ်သူကဗျာဆရာ ‘ဂူမီလက်’၊ သူ့ရဲဘော် ကဗျာဆရာတွေ ဖြစ်ကြတဲ့ ‘အိုစစ်မင်ဒယ်လ် စတန်း’၊ ‘စဗက်ထရေဗာ’၊ ‘ပက်စတာညက်’တို့ဟာ သူ့ဘေးမှာ ဝိုင်းထိုင်ပြီး နေသင့်တဲ့အချိန်မျိုးပါ။ အဲဒီ လေးဦးထဲက တစ်ယောက်ယောက်ကသာ သူ ထိုင်ခွင့်ရတဲ့ ‘ဆိုဗီယက်ယူနီယံ စာရေးဆရာများသမဂ္ဂဥက္ကဋ္ဌ’ ကုလားထိုင်မှာ ထိုင်ခွင့်ရှိတာပါ။ အခုတော့ သူတို့တတွေကိုယ်စား ဒီကုလားထိုင်ပေါ်မှာ ထိုင်ခွင့်ရတာပဲဆိုတဲ့ စိတ်နဲ့ပဲ လက်ခုပ်သံတွေကို တိတ်ဆိတ်စွာ နားထောင်နေခဲ့ရပါတယ်။

အခုတော့ ‘နွေဦး’က ရောက်လာခဲ့ပြီ။ သစ်ပင်တွေလည်း ပေါက်လာခဲ့ပြီ။ ပန်းတွေလည်း တဖန်ပြန်လည် ပွင့်ဖူးလာနေကြပြီ။ တချိန်တုန်းက နှင်းထုကြီးရဲ့အောက်မှာ ဘဝတွေ ကျေကျေနပ်နပ် ယုံယုံကြည်ကြည် မြှုပ်နှံသွားခဲ့ကြတဲ့ ကဗျာဆရာတွေရဲ့ ခန္ဓာကိုယ်ပေါ်က နှင်းတွေလည်း အရည်ပျော်စပြုပါပြီ။

အခုတော့လည်း

သေဆုံးသွားကြပြီးသူတွေနဲ့

ပြည်ပရောက်သူတွေတောင်မှ

ငါ့ အိမ်ကလေးထဲကို လာရောက်ကြဖို့ သဘောတူခဲ့ကြပါပြီ။

ကလေးကို လက်တွဲဆွဲခေါ်ဦးဆောင်ပြီး ငါ့ဆီကို လာနေလျက်

ငါ …

သူ့ကို

အချိန်အကြာကြီး မတွေ့မမြင်ခဲ့ရပြီပဲ …။ ။

ငြိမ်း​ဝေ(ကဗျာ့အိုး​ဝေ)

ကိုးကား။ ။ The Eyesight of Wasps (Osip Mandelshtam)

               Selected Poems (Osip mandelshtam)

               Selected Poems (Anna Akhmatova)

               Women Poets

               Selected Poems (Marina Tsvetayeva)

More News
Up