ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဖောင်ကြီးလမ်းမပေါ်ရှိ သပိတ်ကုန်းကွေ့မှာ ဒီဇင်ဘာ ၂၇ ရက် ည ၁၀ နာရီကျော်က အိမ်စီးကားတစီး လမ်ဘေးသစ်ပင်ဝင်တိုက် မီးလောင်ပြီး ယာဥ်မောင်းဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၁၀ နာရီကျော်က ဖောင်ကြီးလမ်းမပေါ်ရှိ သပိတ်ကုန်းကွေ့မှာ Honda Insight အမျိုးအစား အိမ်စီးယာဥ်တစီးဟာ အရှိန်မထိန်းဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက် မီးလောင်ခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့တတလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တိုက်တဲ့အရှိန်ပြင်းတော့ ကားတောင် မီးလောင်တယ်၊ မီးသတ်ကားသံတွေ ကြားလို့ ထွက်ကြည့်တာ မီးလည်းငြိမ်းရော ကားထဲမှာ မီးလောင်ပြီးသေနေတဲ့ အမျိုးသားတဦး တွေ့တယ်”လို့ ပြောပါတယ်။
အဆိုပါယာဥ်မီးလောင်မှုဖြစ်စဥ်ကို လှည်းကူးမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး သေဆုံးနေတဲ့ အမျိုးသားအား လှည်းကူးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
“၁၀ နာရီ ၃ မိနစ်မှာ လောင်တယ်၊ ၁၀ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းတယ်။ ဆုံးရှုံးမှုတန်ဖိုးကို တွက်နေတယ်။ သေတဲ့သူနဲ့ပတ်သက်ပြီး မိသားစုကို ဆက်သွယ်နိုင်ဖို့ စုံစမ်းနေတယ်”လို့ ပြောပါတယ်။
လှည်းကူးမြို့နယ် ဖောင်ကြီးကားလမ်းမပေါ် သပိတ်ကုန်းကွေ့မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကလည်း ဆိုင်ကယ်တစီး သစ်ပင်ကိုဝင်တိုက်ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။