မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အရာရှိ ၂ ယောက် အပါအဝင် ၄ ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ ပခုက္ကူ-PDF က ဒီဇင်ဘာ ၈ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပခုက္ကူမြို့နယ် ကမ္မ-မြစ်ခြေ ကားလမ်း ကျပ်ထိုးရဲစခန်းနားမှာ ဒီဇင်ဘာ ၅ ရက် မနက်က ကားတစီး၊ ဆိုင်ကယ် ၆ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို မြစ်ခြေ-ကျွန်းချောင်း PDF နဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကားမောင်းမရတော့ဘဲ ရပ်တန့်သွားတယ်လို့ ပခုက္ကူ-PDF ပြန်ကြားရေးတာဝန်ခံ အတီးက ဒီဗွီဘီကို ပြောပါတယ်။
“မိုင်းပေါက်ကွဲပြီးတဲ့နောက် စစ်(...)၊ ပျူ(...) တွေဟာ သွေးရူးသွေးတန်းနဲ့ ထွက်ပြေးသွားတာကြောင့် အဲဒီကားကို ကျနော်တို့ရဲဘော်တွေက မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး အတွင်းသတင်း ရတာကတော့ စစ်ကောင်စီဘက်က အရာရှိ ၂ ယောက် အပါအဝင် ၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ သိရတယ်။ အဲဒီဖြစ်စဥ်ကြောင့် စစ်(...)တွေဘက်က ကမ္မ-မြစ်ခြေ ကားလမ်းတလျှောက်မှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ ပြုလုပ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။”
အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။