Home
မြန်မာသတင်း
မောင်တောမြို့ နခခ-၅ တပ်ရင်းအတွင်း ပေါက်ကွဲမှုဖြစ်ပြီး အရာရှိအချို့ သေဆုံး
DVB
·
November 3, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင် မြို့သူကြီးကျေးရွာဟောင်းမှာ တည်ဆောက်ထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၅ တပ်ရင်းမှာ နိုဝင်ဘာ ၂ ရက် မနက် ၉ နာရီလောက်က ပေါက်ကွဲပြီး နယ်ခြားစောင့်အရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တယ်လို့ မောင်တောရဲတပ်ဖွဲ့ထံက သိရပါတယ်။

ပေါက်ကွဲမှုကြောင့် အရာရှိတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီးမှာ အရာရှိ ၂ ယောက် အပါအဝင် ၆ ယောက် ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

မောင်တောဒေသခံ ရဲအရာရှိတယောက်က“နခခ-၅ က ပေါက်ကွဲတာ ကျနော်တို့ မြို့ဝင်ရဲကင်းဂိတ်စခန်းက မြင်နေရတာ။ မနက် ၉ နာရီကျော်လောက်မှာ ပေါက်ကွဲတာ။ လက်နက်တွေစမ်းသပ်လို့ ပေါက်တာလို့တော့ ပြောနေကြတယ်။ ဒဏ်ရာရသူ အရာရှိနဲ့ တပ်ဖွဲ့ဝင် ၆ ဦးကတော့ မောင်တောဆေးရုံမှာ ဆေးကုသခံနေကြတယ်။ သေဆုံးမှု ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျတော့ မသိဘူး။ သေဆုံးမှုတချို့တော့ ရှိတယ်လို့သိရတယ်။ အရေးပေါ်လူနာတွေကို ဘူးသီးတောင် စစ်ဆေးရုံကို ပို့ဆောင်တာရှိတယ်။ ရဟတ်ယာဥ်နဲ့ စစ်တွေခေါ်သွားတာတွေလည်း ရှိတယ်။” လို့ပြောပါတယ်။

နခခ-၅ မှာ ပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းအကြာမှာ ရွှေဇားကျေးရွာအုပ်စု လှဖိုးခေါင် နယ်ခြားစောင့်စခန်းကို အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိသလို သေဆုံးသူတချို့လည်း ရှိတယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

“နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ နခခ-၅ အတွင်းမှာ လက်နက်ကြီးကျည်တွေ ပေါက်ကွဲမှုဖြစ်တယ်။ သေဆုံးမှုတွေရှိတယ်။ ရဟတ်ယာဥ်နဲ့ စစ်တွေခေါ်သွားရတဲ့ လူနာတွေရှိတယ်။ ဘူးသီးတောင်စစ်ဆေးရုံကိုလည်း ပို့ဆောင်ရတာတွေ ရှိတယ်။ မောင်တောဆေးရုံမှာတော့ အရာရှိ ၂ ဦးနဲ့ တပ်ဖွဲ့ဝင်  ၄ ဦး ဆေးကုသမှုခံယူနေ တယ်လို့ သိရတယ်။”

မောင်တောမြို့ နခခ-၅ ဟာ ဘူးသီးတောင်အခြေစိုက် အမှတ်-၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို ပြောင်းရွှေ့ထားတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024