
ထိုင်း-မြန်မာ နယ်စပ် ကန်ကျနပူရီ နဲ့ ရာ့ချ်ပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၁၀၀ နီးပါး ဖမ်းဆီးရမိတယ်လို့ ထိုင်းတော်ဝင်စစ်တပ်သတင်းမှာ ဖော်ပြပါတယ်။
ကန်ကျနပူရီခရိုင်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က စစ်တပ်နဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲမှာ လုံခြုံရေးကင်းလှည့်စစ်ဆေးစဉ် ကန် ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စု ဟွေ့နမ့်ခေါင်ကျေးရွာအနီး တောစပ်မှာ ခြေလျင်လျှောက်ဝင်ရောက်လာတဲ့ တရားမဝင်မြန်မာနိုင်ငံသား ၂၇ ဦး (အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၆ ဦး) တို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၃ ရက် မနက် ၂ နာရီကျော်မှာတော့ ကန်ကျနပူရီခရိုင် ထောင်းဖာဖူးမြို့နယ် ချလဲကျေးရွာအုပ်စု ထာ့ခမ့်ဆွတ် စစ်ဆေးရေးဂိတ်မှာ တရားမဝင် မြန်မာ ၁၁ ဦး (အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး) တို့ကိုတင်ဆောင်လာတဲ့ ကား ၁ စီးဖမ်းမိပြီး ယာဉ်မောင်းကိုလည်း လမ်းပြအဖြစ် ဖမ်းဆီးလိုက်ပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာပဲ ရာ့ချ်ပူရီခရိုင် ဆွန်ဖိန့်မြို့နယ် ဘန့်တကိုလန့်ရွာအနီးမှာ တရားမဝင် မြန်မာအမျိုးသား ၄၀၊ အမျိုးသမီး ၁၈ ဦး ပေါင်း ၅၈ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့တတွေဟာ မြန်မာပြည် ပဲခူး၊ ထားဝယ်၊ မကွေး၊ မော်လမြိုင် စတဲ့ဒေသကဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်း၊ ရာ့ချ်ပူရီ၊ ချွန်းပူးရီး စတဲ့ခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ ထိပေးခဲ့ရတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူက သူတို့ကို လဝကဥပဒေအရအရေးယူဖို့ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။