
လှိုင်မြို့နယ် ၁၂ ရပ်ကွက် ပါရမီလမ်းနဲ့ အင်းစိန်လမ်းထောင့်ရှိ EPC ရုံးရှေ့က စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ ဘန်ကာကို ဒီကနေ့ညနေပိုင်းမှာ အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ ညနေ ၄ နာရီက လှိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်များ လုံခြုံရေးယူထားတဲ့ ဘန်ကာကို အမည်မသိအဖွဲ့က ကားပေါ်မှ ဗုံးတွေ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးအရင်ပေါက်တာ၊ ဗုံးပေါက်ပြီးတော့ သေနတ်သံတွေ အဆက်မပြတ်ကြားရတော့ပဲ။ EPC ရုံးပစ်ခံရပြီး ကားလမ်းတလျှောက် လမ်းပိတ်ပြီး စစ်နေတာ ဒဏ်ရာရတဲ့သူတွေများတယ် ကြားတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက် မီတာရုံးအနီး ဘူတာရုံလမ်းတဝိုက် လမ်းနှစ်ဖက်လုံးပိတ်ကာ ကားတွေကို ပြန်လှည့်ခိုင်ပြီး စစ်ကောင်စီတပ်တွေက စစ်ဆေးခဲ့သလို လူနာတင်ယာဥ်ကားတွေလည်း ရောက်ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လှိုင်မြို့နယ် EPC ရုံးမှာ စက်တင်ဘာ ၄ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဝန်ထမ်းအချို့ ဒဏ်ရာရရှိကာ ထရန်စဖော်မာအချို့ ပျက်စီးခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်အချို့မှာ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၆ ရက်နေ့အထိ ဗုံးပေါက်ကွဲမှု နဲ့ပစ်ခတ်မှု ၃၈ ကြိမ်ဖြစ်ခဲ့ပြီး အငြိမ်းစားဗိုလ်မှူးချုပ် ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။