မန္တလေးတိုင်း တောင်သာမြို့နယ် မှာ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးနဲ့ ရာအိမ်မှူးတဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာယာမြိုင်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းနဲ့ ရာအိမ်မှူး ဝင်းစော တို့နှစ်ဦးကို အမည်မသိ သေနတ်သမားက လာရောက်ပစ်ခတ်သွားတဲ့အတွက် အုပ်ချုပ်ရေးမှူး အခင်းဖြစ်နေရာမှာသေဆုံးပြီး ဝင်းစောကတော့ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျေးရွာ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက “အုပ်ကြီးနဲ့ ရာအိမ်မှူးတို့ နှစ်ယောက် စကားပြောနေတုန်း ဆိုင်ကယ်နဲ့ လာပစ်သွားတာ၊ အုပ်ကြီး ခင်မောင်ဝင်း ပွဲချင်းပြီးသေတယ်။ ရာအိမ်မှူး ဝင်းစောက နောက်ကျောနဲ့ လက်မှာ ဒဏ်ရာရတယ်။ ဝင်းစောလည်း အခြေနေမကောင်းဘူး၊ ဘယ်သူပစ်လဲတော့ မသိရဘူး”လို့ ပြောပါတယ်။
အမည်မသိအဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းထန်ခဲ့တဲ့ ရာအိမ်မှူး ဝင်းစောကိုတော့ တောင်သာဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။
တောင်သာမြို့နယ်က အရှေ့ချောင်းဆုံကျေးရွာမှာ ပြီးခဲ့တဲ့အောက်တိုဘာလက အုပ်ချုပ်ရေးမှူး ဦးမှတ်တင်ရဲ့နေအိမ်ကို ထောက်ခံစာပြုလုပ်သူနှစ်ဦး ရောက်လာပြီး အုပ်ချုပ်ရေးမှူးအား သေနတ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။