မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၂၉ နဲ့ ၃၀ နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးသူများတယ်လို့ ရေစကြို-PDF က ပြောပါတယ်။
ရေစကြိုမြို့မှာ သြဂုတ် ၂၉ ရက်နေ့ မနက်ပိုင်းက ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် ၆ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တခုက ရှင်းလင်းလိုက်လို့ ပခုက္ကူ တပ်မ ၁၀၁ ကနေ အင်အား ၇၀ ကျော်လောက်နဲ့ လာရောက်တဲ့ စစ်ကောင်စီကား ၃ စီးကို သြဂုတ် ၂၉ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က ရေစကြိုမြို့အဝင် စိုက်ပျိုးရေးရုံးရှေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြို-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်အာကာက ဒီဗွီဘီကိုပြောပါတယ်။
“စစ်(...)တွေက စစ်ကား ၂ စီးနဲ့ လိုက်ထရပ်ကား ၁ စီးပါလာတဲ့အနက် ကျနော်တို့ဘက်က မိုင်းအလုံး ၂၀ ပါတဲ့ ပဒေသာတွဲနဲ့ဆွဲလိုက်လို့ အလယ်က လိုက်ထရက်ကားနဲ့နောက်က စစ်ကား ၁ စီး စုတ်ပြတ်သတ်သွားပြီး စစ်(...)ဘက်က အယောက် ၂၀ လောက် သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရှိတယ်၊ ၁၈ ယောက်လောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ သေဆုံးသွားတဲ့ စစ်(...)အလောင်းတွေကိုတော့ ပခုက္ကူ တပ်မ ၁၀၁ ကို သယ်သွားတယ်လို့ မျက်မြင်ပြည်သူတွေနဲ့ အတွင်းသတင်းတွေဆီက သိရတယ်။ မနေ့က သြဂုတ်လ ၃၀ ရက်နေ့မှာ အဲဒီမိုင်းဆွဲခံရတဲ့ စစ်(...) ၇ ယောက်က ခြေလျင်လာပြီး မိုင်းရှင်းလင်းရေးလုပ်တဲ့အချိန် ကျနော်တို့ဘက်က မိုင်း ၆ လုံးခွဲလိုက်တော့ ၅ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်။”
အဲဒီစစ်ဆင်ရေးဟာ မဟာမိတ်ပူးတွဲစစ်ဆင်ရေး အမှတ်စဥ် ၁၁ ဖြစ်ပြီး ရေစကြို-PDF၊N-YSO ပြောက်ကျားတပ်၊ သံမဏိသိန်းငှက်တပ်ဖွဲ့နဲ့ MRGF တပ်ဖွဲ့တို့ ညီနောင်မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော်နဲ့အဖွဲ့ အသတ်ခံခဲ့ရတဲ့ ရေစကြိုဘောလုံးကွင်း ပျံကျစျေးက ပြည်သူတွေရဲ့ ကုန်ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့ ဒေသခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီတပ်တွေ လာဝိုင်းတော့ တနေ့စာ တနေ့ ရှာဖွေစားသောက်နေရတဲ့ ပျံကျစျေးသည်တွေရဲ့ ကုန်ပစ္စည်းတွေအားလုံး ဆုံးရှုံးခဲ့ရတယ်။ ပစ္စည်းတွေကို သယ်ခွင့်ပေးဖို့ ညှိနှိုင်းတာကို မရဘူး။ ဘောလုံးကွင်း တံခါးပိတ်ပြီး အကုန်မီးရှို့ဖျက်ဆီးလိုက်ကြတာ။”
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။