Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၊ ဆင်ဖြူတော်ပေါ်ထွန်းမှု အတိတ်နိမိတ်ကောင်းကြောင်း ဆွေးနွေးတင်ပြ
DVB
·
August 22, 2022

ပအိုဝ်း၊ လားဟူနဲ့ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၃ ဖွဲ့က ခေါင်းဆောင်တွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဩဂုတ် ၂၂ ရက် ဒီနေ့မနက်က နေပြည်တော်မှာ   ဒုတိယအကြိမ်တွေ့ဆုံပြီး  ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်လို့  စစ်ကောင်စီပြန်ကြားရေးလက်အောက်ခံ MRTV က သတင်းထုတ်ပြန်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ စောမြရာဇာလင်းတို့ ခေါင်းဆောင်တဲ့အဖွဲ့တွေနဲ့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ သဘောထားကွဲလွဲမှုတွေနဲ့ ဒေသနဲ့ တိုင်းပြည်တိုးတက်ရေး တည်ဆောက်လို့ မရနိုင်ကြောင်း၊ ငြိမ်းချမ်းမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ၊ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ နယ်မြေဒေသအားလုံးဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လက်တွေ့တိုးတက်မှုတခုကို ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အခုလိုငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်နေချိန်မှာ ဆင်ဖြူရတနာပေါ်ထွန်းလာမှုကလည်း နိုင်ငံအေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိတ်နိမိတ်ကောင်းဖြစ်တာကြောင့် အောင်မြင်အောင်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စု တည်ဆောက်ရေး၊  ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို တိုင်းရင်းသား ၃ ဖွဲ့ရဲ့ ခေါင်းဆောင်တွေက ဆွေးနွေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်ရေး၊ ဒေသနဲ့ တိုင်းရင်းသားအကျိုးကို တရားဥပဒေနဲ့အညီတောင်းဆို ဆွေးနွေးနိုင်ရေး တိုင်းရင်းသားတွေ နိုင်ငံရေးစင်မြင့်မှာ ပိုမိုပါဝင်လာရေး၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အန်စီအေ အပစ်ရပ်စာချုပ်ကို အခြေခံပြီး ငြိမ်းချမ်းရေးဆက်လက်ဖော် ဆောင်ရေး စတဲ့ကိစ္စတွေ ဆွေးနွေးပြောကြားခဲ့တယ်လို့ စစ်ကောင်စီသတင်းမှာဖော်ပြပါတယ်။

အခု ဒုတိယအကြိမ်ဆွေးနွေးမှုကရရှိလာတဲ့ သဘောထားဆန္ဒတွေကို မူတည်ပြီး ရှေ့ဆက်ဆောင်ရွက် အကောင်အထည်ဖော်သွားနိုင်မယ့် နိုင်ငံရေးလမ်းကြောင်းပုံစံအတွက် ကြိုတင်သဘောတူညီမှုတွေရယူ ညှိနှိုင်းတာတွေကို အချိန်ယူပြီး အသေးစိတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးအတွက် ငွေကျပ် ဘီလီယံ ၃၃၀ ကို နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေကနေ ခွင့်ပြုထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ 

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ နေပြည်တော်မှာ ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနွေးဖို့  ဧပြီလ ၂၂ ရက်က စတင်ဖိတ်ခေါ်ခဲ့တာမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ မဖြစ်တာ ၁၀ စုနှစ်နဲ့ချီ ကြာနေပြီဖြစ်တဲ့  တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က နေပြည်တော်ကို မေလမှ ဩဂုတ်လအတွင်း ပထမအကြိမ် သွားရောက် တွေ့ဆုံခဲ့ပြီး အခု ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024