စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာကို ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်က လေယာဉ်နဲ့ပစ်ခတ်ပြီး တပ်ဆွဲနေထိုင်ခဲ့ကာ ဒေသခံရွာသား ၂ ဦးကို ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ် လိုက်ပါလာတဲ့ မော်တော် ၃ စီးကို ဒီနေ့ ဩဂုတ် ၁၀ ရက် မနက် ၇ နာရီက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်က ပြောပါတယ်။
အဲဒီမော်တော်စက်လှေ ၃ စီးဟာ တောင်ဖြူရွာနဲ့ ပန်းဆက်ရွာ ဆိပ်ကနေ ဒီနေ့မနက်ခင်းက ထွက်ခွာလာပြီး အခုလို ပစ်ခတ်ခံရတာလို့ သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး အမျိုးသမီးခေါင်းဆောင်က “ကျမတို့ မင်းကင်းမြို့နယ် လက်ချိတ်ရွာ အောက်ဘက်ကနေ အဖွဲ့စုံပေါင်းပြီး ပစ်ခဲ့တာရှင့်။ ရေလယ်ခေါင်ကနေ ရေမြှုပ်မိုင်းနှစ်လုံးထောင်ပြီး ခွဲခဲ့တယ်။ ကမ်းပေါ်ကနေ ပစ်ခတ်တာတွေလည်း လုပ်တယ်။ မော်တော်ပေါ်က စ(--)ကောင်တွေရဲ့ အသေအပျောက်ကတော့ အတိအကျမသိဘူး။ နောက်ပြီး အဲ့မော်တော်ကို ကမ်းနဖူးကနေ လုံခြုံရေးယူပေးတဲ့ တောင်ဖြူရွာ၊ ပန်းဆက်ရွာက ပျူတွေနဲ့လည်း ထိပ်တိုက် တိုက်ပွဲဖြစ်သေးတယ်။ ကျမတို့က သူတို့လာနိုင်တယ်ဆိုတာ ကြိုသိလို့ လမ်းခုလပ်ကနေ တိုက်မိုင်းတွေ ကြိုတင်ထောင်ထားတယ်။ ကင်းပုန်းလည်းချပြီး ကင်းစောင့်ခိုင်းထားတာတွေ ကြိုတင်လုပ်ထားတယ်။ သူတို့ တိုက်မိုင်းနှစ်လုံးထိပြီး နောက်ပြန်ဆုတ်သွားတယ်” လို့ ပြောပါတယ်။
လက်ရှိ မင်းကင်းမြို့နယ်အတွင်း ပျဉ်းကိုင်းကျေးရွာအနီးမှာရှိတဲ့ ကျောက်မီးသွေး သယ်ဆောင်တဲ့ ကားတွေကို မင်းကင်း-တန့်ဆည်-မုံရွာလမ်းအတိုင်း မောင်းနိုင်ဖို့ရာ စစ်ကောင်စီတပ်က ကြိုးစားနေပြီး ဒေသခံအားလုံးကတော့ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။