
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာမှာ သြဂုတ် ၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ပြည်သူအချို့လည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ လောင်းပြည့်ကျေးရွာအတွင်းကို သြဂုတ် ၆ ရက်နေ့လယ်ပိုင်းက လေယာဉ်နဲ့ပစ်ခတ်ပြီး ဝင်ရောက်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင် ထွက်မပြေးနိုင်တဲ့ ဒေသခံအများအပြားကိုလည်း ဖမ်းဆီးပြီး အစာမကျွေးဘဲထားကာ သြဂုတ် ၇ ရက် နေ့လယ်ပိုင်းမှာတော့ လောင်းပြည့်ကျေးရွာအတွင်းကနေ ထွက်ခွာသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ လောင်းပြည့်ကျေးရွာအတွင်းကနေ ထွက်ခွာသွားပြီးနောက်ပိုင်း ဒေသခံတွေ လှည့်လည်ကြည့်ရှုရာမှ ဒေသခံ ၂ ဦး အလောင်းတွေကို ကျေးရွာတနေရာမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သေဆုံးခဲ့တဲ့ဒေသခံ ၂ ဦးဟာ အသက် ၃၇ နှစ်အရွယ် ဦးသိန်းတန်နဲ့ ဦးချစ်ပုတို့ဖြစ်ပြီး တောင်သူလုပ်ငန်းလုပ်ကိုင်နေသူတွေဖြစ်ကြောင်း၊ နှစ်ဦးလုံးဟာ စစ်ကောင်စီတပ်ဖွဲ့ ကျေးရွာအတွင်းကို လေယာဥ်နဲ့ပစ်ခတ်စဥ်က သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေတဲ့ ပြည်သူအချို့လည်း ရှိနေသေးပြီး အသက် ၃၀ ကျော်အရွယ်တွေဖြစ်တဲ့ ဒေသခံ အမျိုးသား ၁၁ ယောက်ထက်မနည်းကိုလည်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသလို ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူများထဲမှာလည်း ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတာရှိပြီး စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးသွားလာလှုပ်ရှားမှုတွေကြောင့် ဒေသခံအများအပြားလည်း ထွက်ပြေးနေကြရပါတယ်။