
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာတချို့ကို သြဂုတ် ၆ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက်က လေယာဥ်တွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက လေယာဥ် ၃ စီး အသုံးပြုပြီး သင်တောရွာ၊ ညောင်ပင်သာရွာနဲ့ လောင်းပြည့်ကျေးရွာတို့ကို တရစပ်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
ညောင်ပင်သာကျေးရွာက ဒေသခံတဦးက "သူတို့က (စစ်ကောင်စီတပ်) နတ်တောင်ဘက်ကနေ လေယာဥ် ၃ စီး ခွဲဖြန့်လာပြီး သင်တောရွာ ဘုရားကုန်းဘက်ကစတင်ပြီး ဗုံးသီးတွေအပါအဝင် တခြားလက်နက်ကြီးများနဲ့ပါ တရစပ် ပစ်ခတ်လာတာ။ အဲဒီနောက် ညောင်ပင်သာရွာအနီးမှာရှိတဲ့ ယူကလစ်စိုက်ခင်းပေါ်နဲ့ တောင်ယာတောတွေမှာရှိတဲ့ ပြည်သူတွေရဲ့ တဲငယ်တွေပေါ်မှာလည်း ပစ်တယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ ရဟတ်ယာဥ် ၃ စီးဟာ လောင်းပြည့်ရွာဘက်ကို ရောက်လာပြီး လောင်းပြည့်ရွာပေါ်မှာလည်း ဗုံးတွေချတယ်၊ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ ထွက်ပြေးတဲ့ ဒေသခံပြည်သူတွေလည်း ပစ်တယ်။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေလည်း ကြောက်လန့်တကြီး ထွက်ပြေးနေကြရပြီး အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။