
စစ်ကိုင်းတိုင်း ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ ဇူလိုင် ၃ ရက်မနက် ၉ နာရီဝန်းကျင်လောက်က မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ ကျွန်းတော်ကျေးရွာက လင်မယားနှစ်ယောက်ဖြစ်ပြီး တောတောင်ထဲမျှစ်ချိုးသွားရာကနေ ဘယ်အဖွဲ့ ထောင်ထားမှန်းမသိတဲ့ မိုင်းကိုနင်းမိခဲ့တာဖြစ်ပါတယ်။
မိုင်းထိမှန်သွားသူ နှစ်ယောက်ထဲမှာ တယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကာ မင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
မင်းကင်းမြို့နယ်မှာ မတော်တဆမိုင်းနင်းမိတာတွေရှိနေပြီး ဇူလိုင် ၂ ရက်ကလည်း ဒေသခံပြည်သူ လေးယောက် မိုင်းထိမှန်ခံခဲ့ရကာ တယောက်သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။
ဇူလိုင် ၂ ရက်မနက် ၆ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်စဉ် ထွက်ပြေးခဲ့တဲ့ ရွာသားတွေ မိုင်းနင်းမိပြီး ယုံသာကျေးရွာသား တယောက်သေဆုံး၊ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။