
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ ဇူလိုင် ၂ ရက်မနက် ၆ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် ထွက်ပြေးခဲ့တဲ့ ရွာသားတွေ မိုင်းနင်းမိပြီး တယောက်သေဆုံး၊ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
သေဆုံးဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ ယုံသာကျေးရွာနေ ပြည်သူတွေဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ သုံးယောက်ကတော့ မင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “အခုလိုဖြစ်ရတဲ့အကြောင်းဟာ တောင်ယာတောကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ယုံသာကျေးရွာဘက်ကိုဦးတည်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် တောင်ယာတောကျေးရွာနေပြည်သူတွေက ကြောက်လန့်တကြီး ထွက်ပြေးရာကနေ ဘယ်အဖွဲ့အစည်းထောင်ထားမှန်းမသိတဲ့ မိုင်းကိုနင်းမိပြီး မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာ”လို့ ပြောပါတယ်။
မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာနေပြီး ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း တောင်လက်ဒေသ ကူလဲအနောက် ဘုရားထွက်နယ်မြေအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၂ နာရီလောက်အထိ ဖြစ်ပွားတာရှိခဲ့ပါတယ်။
တိုက်ပွဲမှဦ စစ်ကောင်စီဘက်က သုံးယောက်သေဆုံး ခြောက်ယောက်ဒဏ်ရာရရှိခဲ့သလို PDF ပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ဇင်မျိုးအောင် ကျဆုံးခဲ့တယ်လို့ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။