
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မေ ၂၈ ရက် မနက်က စစ်ကောင်စီတပ် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို PDF ထံက သိရပါတယ်။
ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာနဲ့ ဆင်ချောင်းကျေးရွာကြားက လယ်ကြီးတံတာနားမှာ ဒီမနက် ၉ နာရီခွဲလောက်က အမည်းရောင်ကားတစီးနဲ့ ခေါက်တုံ့ခေါက်ပြန်သွားနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရေစကြို PDF ကမိုင်း ၂ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုPDF တပ်ရင်း-၂ တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ပြောပါတယ်။
“သူတို့စီးလာတဲ့ကားကတော့ မိုင်းထိလို့ ပျက်စီးသွားပြီးလမ်းဘေးထိုးကျသွားတယ်။စစ်(...) ၂ကောင် မှောက်လဲ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသွားတယ်။ အထိနာသွားတဲ့ စစ်(...)တွေဟာ အနီးပတ်ဝန်းကျင်တွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်။”
အဆိုပါပစ်ခတ်မှုတွေကြောင့် ရေစကြို PDF တပ်ဖွဲ့ဝင် ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိခဲ့ဘူးလို့ ပြောပါတယ်။
ရေစကြိုမြို့အဝင်မှာ မေလ ၁၄ ရက်ကလည်း စစ်ကောင်စီတပ်သားတွေကို ရေစကြိုPDF တပ်ရင်း-၂ က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၈ ယောက်လောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်အနောက်ဘက်ခြမ်းမှာလည်း နသတ်ကျေးရွာနားမှာ အင်အား ၁၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို PDFတပ်ဖွဲ့တွေက မေ ၂၇ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားနိုင်တယ်လို့ မြိုင် PDF တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာ ပြောပါတယ်။
“မြိုင်PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ဗထူးစီမံထားတဲ့ ပေပါမိုင်း ၂ လုံးရယ်။ မိုင်းအသေး ၇ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။ စစ်(...)တွေဘက်က အနည်းဆုံး ၁၇ နဲ့ ၂၅ ကြား သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရတယ်။”
မိုင်းဆွဲတိုက်ခိုက်တာကို ပခုက္ကူ တော်လှန်ရေးတပ်ဦး (PRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်နဲ့ ဒေသခံ မဟာမိတ်တပ်ပေါင်းစု တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။
မိုင်းဆွဲ တိုက်ခိုက်ပြီးတဲ့နောက်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က RPG တွေနဲ့ပစ်ပေမဲ့ PDF ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ် ကျောက်တိုင်ခင်ရွာနားမှာလည်း မေလ ၂၇ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သား ၃၀ လောက်ကို မြိုင်PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ ၂ ယောက်အပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ကျောက်တိုင်ခင်ရွာနားမှာ မနေ့ မနက် ၁၀ နာရီကျော်လောက်က စစ်ကောင်စီတပ်သားတွေကို မြိုင် PDF က မိုင်း ၁၆ လုံးဆွဲ ပြီးတိုက်ခိုက်ခဲ့တာလို့ မြိုင် PDF တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီပြောပါတယ်။
“စစ်(...)တွေဘက်က ၇ ယောက်သေပြီး ၂ ယောက် အပြင်းထန်ဒဏ်ရာရသွားတယ်။ လူသားဒိုင်း အဖြစ်ခေါ်လာတဲ့ ကျောက်ခွက်၊ ဘောင့်ဘင်နဲ့ သံချောင်ကျေးရွာက အပြစ်မဲ့ပြည်သူ ၆ ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်သွားကြတယ်။”
ပစ်သတ်ခံရသူ ၆ ဦးနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေရဲ့ကားတွေကို အသုံးပြုပြီး သွားလာနေတာကြောင့် ပြည်သူတွေအနေနဲ့ မြိုင်-ပခုက္ကူလမ်းကို အရေးကြီးကိစ္စကလွဲလို့ မသွားလာဖို့နဲ့ သွားလာဖို့ လိုလျှင် ဆိုင်ရာအဖွဲ့တွေဆီ အကြောင်းကြားဖို့ မေတ္တာရပ်ခံထားပါတယ်။
မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသမှာလည်း မေလ ၂၆ ရက် မနေ့မွန်းလွဲပိုင်းက မင်းတပ်ဘက်ကနေဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ယောဒေသကာကွယ်ရေးတပ်ပေါင်းစု YRPA က မိုင်း ၂ ကြိမ်ဆွဲ ပြီးတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနိုင်ပြီး ကားတွေထိခိုက်ပျက်စီးခဲ့တယ်လို့ ကျောက်ထု-PDF(YRPA) ကနေသိရပါတယ်။
ကျောက်ထုဒေသ ပုံတောင်ကနေ ပခုက္ကူဘက်ကို ထွက်ခွာလာတဲ့ ကားအစီး ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို မနေ မွန်းလွဲ ၁ နာရီလောက်မှာ YRPA အဖွဲ့ဝင်တွေဖြစ်တဲ့ ကျောက်ထု-PDF နဲ့ ထီးလင်း-PDF တို့ပူးပေါင်းပြီး ထိပ်ဆုံးကား ၂ စီးကို ကားမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ထု-PDF ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် အဲဒီ စစ်ယာဉ်တန်းရဲ့ ၇၉ စီးမြောက်ကားကို မွန်းလွဲ ၂ နာရီလောက်မှာ ဆွဲမိုင်း အကြီး ၂လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ကာ ကားလည်း ထိခိုက်ပျက်စီး သွားတယ်လို့ ဆိုပါတယ်။
ကျောက်ထုဒေသမှာ မေလ ၂၄ ရက်နဲ့ ၂၅ ရက်တွေကလည်း စစ်ကောင်စီတပ် စစ်ကြောင်းကို ကျောက်ထု PDF(YRPA)နဲ့ The Youth Force တို့ပူးပေါင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။