
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အောင်ရွာကနေ ရွှေအောင်သာရွာဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်နဲ့ YDF ထီးလင်းတပ်ဖွဲ့တို့ မေ ၁၆ ရက် မနက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ YDF တာဝန်ခံ သခင်ဇော်က ပြောပါတယ်။
“အောင်းရွာကနေ ရွှေအောင်သာရွာဘက်ကို ထွက်ခွာလာတာမှာ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်ကြတာ။ တိုက်ပွဲဖြစ်ပွားပြီး သူတို့ထွက်ခွာသွားတဲ့အချိန်မှာ ကျနော်တို့က နယ်မြေရှင်းလင်းရေးသွားလုပ်တာမှာ သွေးကွက်တွေတော့ တွေ့ခဲ့တယ်။ ယူနီဖောင်းတွေ မီးရှို့ထားတာတွေ့ခဲ့တယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးမှုတော့ ရှိနိုင်တယ်။ ဒါပေမဲ့ အတည်ပြုလို့တော့ မရခဲ့ဘူး၊ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှုမရှိဘူး။”
မေ ၁၅ ရက်နေ့ကလည်း ထီးလင်း PDF တပ်ဖွဲ့ဝင်တွေက ကျေးရွာအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးလောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ခရီးသွားယာဉ်မောင်းတွေနဲ့ ပြည်သူတွေ ဂန့်ဂေါ-ကျောလမ်းပိုင်းကို အသုံးမပြုကြဖို့၊ ခရီးသွားလာတာကြောင့် ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲပြဿနာတွေကို ပူးပေါင်းတပ်ဖွဲ့ဘက်က တာဝန်ယူဖြေရှင်းသွားမှာမဟုတ်ဘူးလို့ YDF ထီးလင်းက သတိပေးထုတ်ပြန်ထားပါတယ်။