
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ မေ ၆ ရက် မနက် ၁၀ နာရီလောက်က ကျေးရွာအတွင်း နေစရာအိမ်မရှိလို့ ယာယီတဲထိုးနေကြရတဲ့ ပြည်သူတွေရဲ့ တဲတွေကို စစ်ကောင်စီတပ်က မွှေနှောက်ဖျက်ဆီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ မွှေနှောက်မီးရှို့ဖျက်ဆီးခံရတဲ့ တဲငယ်တွေဟာ ကူလဲအနောက်ရွာက စစ်ဘေးရှောင်ပြည်သူတွေရဲ့ တဲတွေဖြစ်ပြီး ကျေးရွာအတွင်းက နေအိမ်တွေလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ရှောင်နေရာဟာ ကူလဲအနောက်ရွာနဲ့ ၁ မိုင်ခန့်ကွာဝေးပြီး စစ်ဘေးသင့် ပြည်သူ အယောက် ၇၀ လောက် နေထိုင်တဲ့ နေရာဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ရှောင်တဲငယ်တွေအတွင်းရှိ ပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြသလို စစ်ရှောင်တဲ ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်ပြည်သူတဦး ပိုင်ဆိုင်တဲ့ ခိုင်းနွား ၂ ကောင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
အခုလို စစ်ရှောင်ပြည်သူတွေကို လိုက်လံလုပ်ဆောင်တဲ့အဖွဲ့ဟာ မင်းကင်းမြို့ပေါ်မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး ဘာအကြောင်းတစုံတရာမှ မရှိဘဲ တမင်တကာ ပြုလုပ်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။