
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ မေ ၆ ရက် နေ့လယ် ၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားခဲ့တဲ့မိုင်းနင်းမိပြီး ပြည်သူတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၈ နှစ်အရွယ် လူငယ်တဦးဟာ သရက်ခြံအတွင်းကို ဝင်မယ်အလုပ် ခြံတံခါးအဝင်ပေါက်ဝမှာ စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းနင်းမိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တဲ့သူဟာ ပေပင်စုကျေးရွာက အသက် ၁၈ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး ခြေထောက်အောက်ပိုင်းဒဏ်ရရှိခဲ့ကာ ဒဏ်ရာပြင်းထန်တာကြောင့် ဖြတ်ရမယ့် အနေအထားရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မပေါက်ကွဲသေးတဲ့ မိုင်းတလုံးကိုလည်း ထပ်မံတွေ့ရှိခဲ့ရပြီး အဲဒီမိုင်းကို ဖြုတ်ပေးမယ့် တတ်ကျွမ်းသူကို ရှာနေဆဲဖြစ်သလို အဲဒီသရက်ခြံအတွင်းမှာလည်း နောက်ထပ်မိုင်းတွေ ရှိနိုင်သေးပြီး အဲဒီမိုင်းတွေဟာ သီးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။