စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ သိုလှောင်တာနဲ့ မသမာမှုတွေ လုပ်ဆောင်မယ်ဆိုရင် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးထုတ်ပြန် ထားပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းတဲ့ အပေါ် စိုးရိမ်စရာမလိုကြောင်းနဲ့ လက်ရှိမှာ စားအုန်းဆီလက်ကျန်တန်ချိန် ၃၁,၀၀၀ ကျော်၊ ပိဿာချိန် ၁၉ သန်းကျော် ကျန်ရှိပြီး ပြည်တွင်းစားသုံးဖို့ လုံလောက်မှုရှိကြောင်းကိုလည်း အသိပေးထုတ်ပြန်ထားတာပါ။
ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားက သူ့နိုင်ငံတွင်း ဖူလုံဖို့နဲ့ စျေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ပြည်ပနိုင်ငံတွေဆီ စားအုန်းဆီ တင်ပို့မှုကို ရပ်ဆိုင်းသွားဖို့ စီစဥ်နေကြောင်း ကြေညာထားပါတယ်။
အဲဒီကြေညာချက် ထွက်လာပြီးနောက် ပြည်တွင်းစျေးကွက်မှာ စားအုန်းဆီ အပါအဝင် တခြား စားဆီ စျေးနှုန်းတွေလည်း ဈေးနှုန်းမြင့်တက်လာခဲ့ပါတယ်။
စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဧပြီ ၂၅ ရက်မှ မေလ ၁ ရက်အထိ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း သတ်မှတ်ချက်ကို ၁ ပိဿာ ၅၆၂၀ ကျပ်တိုးမြှင့် သတ်မှတ်ခဲ့ပေမဲ့ ပြင်ပစျေးကွက်မှာတော့ ၁ ပိဿာကို ၆၅၀၀ ကနေ ၇၀၀၀ အထိ ရောင်းချနေကြပြီး၊ ဈေးနှုန်းတည်ငြိမ်မှုမရှိဘူးလို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လပိုင်းကတော့ နိုင်ငံတကာဈေးမြင့်တက်နေချိန် ပြည်တွင်းဈေးကွက်မှာ စားအုန်းဆီ ပြတ်လပ်ခဲ့လို့ ၁ ပိဿာကို ကျပ် ၈၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ ပြည်ပက စားအုန်းဆီသင်္ဘောတွေ ပုံမှန်ဝင်ရောက်နေပြီး ပြည်တွင်း စားအုန်းဆီဈေးကွက် တည်ငြိမ်စေရေးနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းနဲ့ ပြည်သူတွေ ဝယ်ယူရရှိစေဖို့အတွက် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။