
မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း အိမ်ခြေ ၄၂၀ ရှိတဲ့ သံပေါက်ရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၅ ရက်မနက် ၈ နာရီလောက် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုသံပေါက်ရွာကို မီးရှို့တဲ့ စစ်တပ်ဟာ ကလေးမြို့ဘက် ထွက်ခွာလာတဲ့စစ်ကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
“ရွာက သူတိုလာကတည်းက လူကုန်ထွက်ပြေးနေကြတယ်။ အခုလည်း အဝေးကနေ ကိုယ်ရွာ မီးရှို့နေတာကို ထိုင်ကြည့်နေရတဲ့ဘဝပါ။ မီးလောင်တဲ့ အိမ်ခြေ အသေးစိတ်စာရင်းကိုတော့ လက်တလော မပြောနိုင်သေးဘူး” လို့ သံပေါက်ရွာသားတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်အတွင်းက ကျေးရွာတွေ စစ်ကောင်စီက အခုလို မီးရှို့နေပေမဲ့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ PDF တွေ လုပ်တာလို့ စွပ်စွဲ ပြောဆိုလေ့ရှိပါတယ်။
သံပေါက်ရွာကို မီးရှို့ခဲ့တဲ့ စစ်တပ်ဟာ လက်ရှိအချိန်မှာ သံပေါက်ရွာနဲ့အနီးဆုံး လောင်းပြည့်ရွာသစ်မှာ ရောက်ရှိနေကာ စစ်ကြောင်းရဲ့ ဦးတည်ချက်က ကနီမြို့နယ် ချင်းတွင်း မြစ်အရှေ့ဘက်ခြမ်း ဝင်မနားဘက် ဦးတည်နေပြီး စစ်ကြောင်းသွားလမ်းတလျှောက်က နယ်မြေအားလုံးကို ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။