ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အပါအဝင် အမှု ၃ မှုအတွက် မတ်လ ၂၂ ရက် ဒီကနေ့ စွဲချက်တင် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) နဲ့ အမှု တစ်မှု၊ ပုဒ်မ ၁၇၁ (စ)နဲ့ အမှု နှစ် မှု ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲအမှုတွေအတွက် မော်လမြိုင်မြို့နယ်တရားရုံးကနေ စွဲချက်တင် အမိန့်ချမှတ်လိုက်တာ ဖြစ်ပြီး၊ မွန်ပြည်နယ် ဝန်ကြီးချုက်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် လာမယ့် ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ စစ်ကောင်စီ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ့အတွင်းရေးမှူး ဦးထင်ကျော်ကို ပြန်လည်စစ်ဆေးဖို့ စီစဉ်ထားတာပါ။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားအမှု အမှု ၉ မှု၊ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု ၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတာပါ။
မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်က အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။