
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ မတ် ၁၂ ရက် ဒီနေ့ မနက်ပိုင်း ၁၀ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံ PDF အဖွဲ့ထံက သိရပါတယ်။
မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အင်းကုန်းကျေးရွာရဲ့ အရှေ့ဘက်နားမှာ မင်းကင်း PDF(MKPDF)တပ်ရင်း ၂၊ တပ်ခွဲ ၁ အဖွဲ့က တိုက်ခိုက်တာတာလို့ ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့အင်အား ၆၀ လောက်ဟာ မြို့မကျေးရွာဘက်ကိုသွားစဥ် သူတို့တပ်စွဲနေတဲ့ စခန်းနဲ့ ၁ မိုင်ခွဲအကွာဝေးလောက်အရောက်မှာ တိုက်ခိုက်ခြင်းခံခဲ့ရတာလို့ ဒေသခံတွေကလည်း ပြောပါတယ်။
မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်နေတာ ၁ လကျော်ရှိနေပြီး ကြာပင်ကျေးရွာအနီးမှာ တစ်ဖွဲ့၊ မြို့မကျေးရွာအနီးမှာ တစ်ဖွဲ့နဲ့ အိန္ဒိယလမ်းဆိုဒ် အနီးမှာ တစ်ဖွဲ့ စုစုပေါင်း ၃ ဖွဲ့ တပ်စွဲနေကာ စုစုပေါင်းအင်အား ၂၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဆိုပါတယ်။
မနေ့ည ၁၀ နာရီခန့်လောက်ကလည်း မြို့မကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက သာစည်ကျေးရွာအတွင်းကို ဝင်ရောက်မွှေနှောက်ခဲ့သလို အပြစ်မဲ့ပြည်သူ ၇ ဦးကိုလည်း ရိုက်နှက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်ကို မရိုးကုန်းတံတားအနီးမှာ မတ် ၁၁ ရက် ည ၉ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က တရစပ် ပြန်လည်ပစ်ခတ်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ အလျင်အမြန် အန္တရာယ်ကင်းကင်းနဲ့ တပ်ဆုတ်နိုင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ -CDSOM နဲ့အတူ ပြည်သူ့တပ်မတော်(မြောင်)-MUA ၊ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaung People’s Defense Force TGR)၊ Zamani Revolution Force (MMU) ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့- CRF ၊ 11 Brothers Revolution Forces တို့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။