
ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဒယခရိုင်ထဲမှာ ခရီးသည်တင်ဘတ်စ်ကားနဲ့ စင်းလုံးပြည့် လိုက်ပါလာတဲ့ တရားမဝင် မြန်မာ ၅၃ ဦး ထိုင်းယာဉ်မောင်းသမား ၂ ဦးနဲ့အတူ ဖမ်းဆီးခံရတယ်လို့ Thairath သတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၁၀ ရက် မနက်စောစောက အယုဒ္ဒယခရိုင်ထဲမှာ တရားမဝင် အလုပ်သမားတွေ နယ်မြေထဲ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ စစ်ဆေးရေးအဖွဲ့က အာရှလမ်းမကြီးပေါ် မောင်းနှင်လာတဲ့ ကားတွေကို စစ်ဆေးခဲ့ကြောင်း၊ မနက် ၄ နာရီလောက်မှာတော့ ဘန်ကောက်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ၆ ဘီးတပ် ခရီးသည်တင်ဘတ်စ်ကား ၁ စီးပေါ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၃ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။
စစ်ဆေးချက်အရ သူတို့ဟာ ဘန်ကောက်နဲ့ အနီးတဝိုက်ဒေသတွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦး ဘတ် ၂၆,၀၀၀ မှ ၂၈,၀၀၀ ထိပေးပြီး ဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းယာဉ်မောင်းသမား ၂ ဦးကတော့ သူတို့ဟာ အဆိုပါအလုပ်သမားတွေကို ဆင်းဘူးရီးခရိုင်ကနေ ဘန်ကောက်ကို ပို့ပေးဖို့အတွက် မြန်မာ ၁ ဦးက ဆက်သွယ်လာတာဖြစ်ကြောင်း၊ ပို့ခအနေနဲ့ ၁ ဦးလျှင် ဘတ် ၂၀,၀၀၀ စီရပြီး လူကုန်ကူးမှုနဲ့ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
တာဝန်ရှိသူတွေက မြန်မာ ၅၃ ဦးကိုရော ထိုင်းကားသမား ၂ ဦးကိုပါ တည်ဆဲဥပဒေတွေနဲ့ အရေးယူဖို့ အယုဒ္ဒယခရိုင် ရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။