
ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးခံခဲ့ရတဲ့ ယခင်ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမင်းသွေးသစ်ဟာ ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့မနက်မှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ သူ့မိသားစုထံက သိရပါတယ်။
“သူက ၁ နှစ်အပြည့်နေလိုက်ရတာ။ စစ်ကြောရေးမှာက တလကြာအောင်စစ်ပြီးမှ ထောင်ကိုပို့လိုက်တာဆိုတော့ သူက ထောင်ရောက်တဲ့ ရက်ကစပြီး ယူရတော့ အခု တနှစ်ပြည့်တာပေါ့။ စစ်ကြောရေးမှာ နေခဲ့ရတဲ့ ရက်ကတော့ လျော့မပေးဘူးလေ။ အခု မနက် ၉ နာရီလောက်မှာလွတ်တာ။ အိမ်က လူကြီးတွေတော့ သွားကြပြီ။ အိမ်တော့ ပြန်မရောက်သေးတော့ တခြားအခြေနေတော့ ဘာမှမသိရသေးဘူး”လို့ မိသားစုဝင် တယောက်ကပြောပါတယ်။
ကိုမင်းသွေးသစ်ကို စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကြောရေးမှာ တလ ကျော်အောင်စစ်ဆေးပြီးမှ အင်းစိန်ထောင်ကို ပို့လိုက်တာပါ။
အင်းစိန်ထောင်ထဲမှာပဲ အထူးတရားရုံးက သူ့ကို ယာဉ်အန္တရာယ်ကင်းရှင်းနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၅ နဲ့ တရားစွဲလိုက်ပြီး၊နောက် ထောင် ၁ နှစ်ချခံလိုက်ရပြီး ဒီနေ့မှာ လွတ်ရက်စေ့လို့ အင်းစိန်ထောင်ကနေပြန်လွတ်လာတာပါ။