မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အတွင်း စစ်တပ်ရဲ့ ဝင်ငွေရလမ်းကြောင်းတစ်ခုဖြစ်တဲ့ Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် မနက် ၆ နာရီခွဲလောက်က ကျောက်ဆည်မြို့နယ်၊ ကျောက်ဆောက်ကုန်းကျေးရွာ တောင်ဘက်မှာရှိတဲ့ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မိုင်း ၃ လုံး ခွဲပြီး ဖျက်ဆီးခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီ ကိုပြောပါတယ်။
ဒီဖောက်ခွဲမှုကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ K.D.D.F နဲ့ Black Wolf PDF (MDY) မဟာမိတ်ညီနောင်ပူးပေါင်းတပ်ဖွဲ့တို့ကလုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။
ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်တပ်ပိုင်မိုင်တဲလ်ဝါတိုင် မိုင်းခွဲဖျက်ဆီးခဲ့တာ ဒါနဲ့ဆိုရင် ၅ တိုင်ရှိပြီဖြစ်ပြီး ရှေ့ဆက်ပြီးတော့လည်း စစ်ကောင်စီ ဒေါက်တိုင်တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။